Breaking News မင်္ဂလာဒုံ‌လေတပ်လိုင်းခန်းဝင်းအား မြို့ပြပြောက်ကျားများက M -79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

By ဂန္ဒမာ(မဇ္ဈိမ)
07 January 2023
Breaking News မင်္ဂလာဒုံ‌လေတပ်လိုင်းခန်းဝင်းအား မြို့ပြပြောက်ကျားများက M -79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်ကြား၊ ဂျပန်လမ်း(သိရိမင်္ဂလာလမ်း)ရှိ မင်္ဂလာဒုံလေတပ် လိုင်းခန်းဝင်းအား မြို့ပြပြောက်ကျားများက M - 79 (ဗုံးပစ်လောင်ချာ)ဖြင့် ယနေ့ နံနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီ ၅ မိနစ် အချိန်ခန့်တွင် ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

"အဲ့နေရာမှာ ဂိတ်ရှိတယ်။အဲ့မှာ စစ်ကောင်စီတပ်သား ပုံမှန် ငါး‌ယောက်ရှိတယ်။ ရှေ့တည့်တည့် လမ်းပေါ်က နေရာမှာ လင့်စင်ရှိတယ်။ အဲ့အပေါ်မှာ စစ်သား တစ်ယောက် အမြဲရှိတယ်။ ပစ်ပြီး ချက်ချင်းပြန်ပြေးထွက်ရတာ ၊နေရာက အန္တရာယ်များတယ်။ အင်းစိန်ဘက်ကလူအချို့ကတော့ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်ပြောတယ်" ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့ပုံနှင့်ပတ်သက်ပြီး အဆပလ - ACPLF မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ တော်လှန်‌ရေးအင်အားစုများကို လက်နက်အသာစီးဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီလေတပ်ဝန်ထမ်းများကို တတ်နိုင်သမျှ ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီး ၎င်းတို့ဘက်မှ ပြန်လည်တုန့်ပြန်မှုကို စောင့်ကြည့်ချိန်မရခဲ့သည့်အတွက် ထိခိုက်မှုအခြေအနေကိုလည်း စုံစမ်းနေဆဲဖြစ်ပြီး အတိအကျမသိရသေးကြောင်း ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ အဆပလ - (ACPLF) နှင့် Fear No Evil အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required