မလေးရှားနိုင်ငံတွင် ချင်းတိုင်းရင်းသား ၅၀၀ ကျော်ဖမ်းဆီးခံရ

By ကိုခင်မောင် (မဇ္ဈိမ)
07 January 2023
မလေးရှားနိုင်ငံတွင် ချင်းတိုင်းရင်းသား ၅၀၀ ကျော်ဖမ်းဆီးခံရ

မဇ္ဈိမ။ ။ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့ ၊ ဂျလန်အိမ်ဘီ (Jalan Imbi)ရပ်ကွက်တွင် နေထိုင်သည့် ချင်းတိုင်းရင်းသား ၅၄၄ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားရောက် ချင်းတိုင်းရင်းသားတစ်ဦးထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ရက် ည ၁၂နာရီဝန်းကျင်တွင် ကွာလာလာမ်ပူမြို့ ၊ ဂျလန်အိမ်ဘီ (Jalan Imbi)ရပ်ကွက်ရှိ မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားသား ၁၀၅၁ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများနှင့် ရဲများက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“အဲဒီရပ်ကွက်မှာရှိသမျှ နိုင်ငံခြားသားတွေကို အကုန်ဖမ်းတာ။ UN ကဒ်(ဒုက္ခသည်ကဒ်)ရှိတဲ့သူရော၊ ကဒ်မရှိတဲ့သူရော အကုန်ဖမ်းတယ်။အခုဟာက မလေးရှားလဝကရဲ့ operasi(စီမံချက်) နဲ့ဖမ်းတာဆိုတော့ အဲတာ ရွေးခွင့်တော့ မရှိဘူးလို့ပြောတယ်” ဟု မလေးရှားရောက် ချင်းအရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦး ကပြောသည်။

ဖမ်းဆီးခံရသူ ၅၄၄ ဦးသည် သက်တမ်းကုန်ဆုံးသွားသော ခရီးသွားစာရွက်စာတမ်းများ၊ လူမှုရေးဆိုင်ရာ ဖြတ်သန်းခွင့်များကို အလွဲသုံးစားလုပ်ခြင်း၊ ခရီးသွားစာရွက်စာတမ်းမရှိခြင်း စသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)၏ ထုတ်ပြန်ထားချက်ကိုကိုးကား၍ ၎င်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူများအား Bukit Jalil (ဘူကစ်ဂျလီလ်) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံရကြောင်း ၎င်းက ဆိုသည်။

ဂျလန်အိမ်ဘီ(Jalan Imbi) ရပ်ကွက်သည် ချင်းတိုင်းရင်းသားများ အများစုနေထိုင်သည့်
နေရာဖြစ်ပြီး ဖမ်းဆီးခံရသူများထဲတွင် အသက် ၁နှစ်အရွယ်မှ ၆၈နှစ်အရွယ်ထိ ပါဝင်ကြောင်း သိရသည်။

Jalan Imbi (ဂျလန်အိမ်ဘီ)ရှိ တိုက်ခန်းတစ်ခုအား တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသားများအတွက် ဒုက္ခသည်ကဒ်ထုတ်ပေးနေသည့် တရားမဝင်အဖွဲ့တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု မလေးရှားနိုင်ငံ၏ သတင်းဌာနတစ်ခုဖြစ်သည့် BERNAMA သတင်းဌာနတွင် ယမန်နေ့က ရေးသားဖော်ပြထားသည်။

“ဒီကိစ္စ(BERNAMAသတင်းနှင့်ပတ်သက်၍)အတွက် ကျနော့်အနေနဲ့ ဘာမှ မှတ်ချက်မပေးနိုင်သေးပါဘူး၊ မလေးရှားမှာရှိတဲ့ သက်ဆိုင်ရာ ချင်းအဖွဲ့အစည်းတွေ အစည်းအဝေးလုပ်ပြီး ပြဿနာကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာတွေ ဆွေးနွေး တိုင်ပင်နေကြပါတယ်”ဟု ချင်းအရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Seri Khairul Dzaimee Daud ကိုယ်တိုင်လည်း စစ်ဆေးသည့်အချိန်တွင် ပါဝင်တက်ရောက်ခဲ့သည်ဟု မလေးရှားရောက် ချင်းအရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တချို့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ဇန်နဝါရီလအတွင်း တရုတ်နှစ်သစ်ကူးပွဲ ကျင်းပနေစဉ် ယခင်နှစ်များတွင်လည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ရဲများက အထောက်အထားမရှိသည့် နိုင်ငံခြားသားများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်ဟုလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

#မလေးရှားနိုင်ငံ
#ကွာလာလာမ်ပူမြို့
#ဖမ်းဆီးခြင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required