အိန္ဒိယ-တိဗက်နယ်စပ်တစ်လျှောက်တွင် တရုတ်က တစ်ဖက်သတ် ကျူးကျော်ကြောင်း အဝေးရောက်တိဗက်ခေါင်းဆောင် ပြောကြား

By Business Standard
07 January 2023
အိန္ဒိယ-တိဗက်နယ်စပ်တစ်လျှောက်တွင် တရုတ်က တစ်ဖက်သတ် ကျူးကျော်ကြောင်း အဝေးရောက်တိဗက်ခေါင်းဆောင် ပြောကြား

အိန္ဒိယ-တိဗက်နယ်စပ်တစ်လျှောက် ကျူးကျော်မှုအားလုံးကို တရုတ်က တစ်ဖက်သတ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဝေးရောက်တိဗက်အစိုးရအကြီးအကဲ ပန်ပါဆာရင်က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားလိုက်သည်။

 တိဗက်နှင့် အိန္ဒိယတို့အကြား မက်မိုဟန်နယ်ခြားစည်း သတ်မှတ်သည့် စာချုပ်ကို ၁၉၁၄ ခုနှစ်တွင် တိဗက်တို့က ရေးထိုးခဲ့ပြီး တာဝမ်ဒေသသည် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အဝေးရောက်တိဗက်ခေါင်းဆောင်က Press Trust of India  သတင်းဌာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
 “ဒီကျူးကျော်မှုအားလုံးကို တရုတ်ကလုပ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်” ဟု ခေါင်းဆောင် ပန်ပါဆာရင်က ပြောကြားသည်။
အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ်တို့အကြား တာဝမ်နှင့် လာဒက်ဒေသတို့၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအကြောင်း ပြောရင်း ဆာရင်က တရုတ်၏ကျုးကျော်မှုအကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
အိန္ဒိယနှင့် တရုတ်တို့အကြား ၁၉၅၉ ခုနှစ်အထိ နယ်နမိတ် သတ်မှတ်ထားခြင်း မရှိခဲ့ကြောင်း၊ ဗြိတိသျှပိုင် အိန္ဒိယနှင့် တိဗက်တို့အကြား ၁၉၁၄ ခုနှစ်က ဆင်မလာစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊  မိမိတို့အနေဖြင့် မက်မိုဟန်နယ်နမိတ်မျဉ်းသတ်မှတ်ချက်ကို အခိုင်အမာလက်ခံပြီး တရားဝင်နယ်နမိတ်အဖြစ် လက်ခံကြောင်းလည်း ဆာရင်က ပြောကြားသည်။
“တာဝမ်က အိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အပြည့်အဝအသိအမှတ်ပြုထားပါတယ်” ဟု ဆိုသည်။
တရုတ်စစ်တပ်က တိဗက်ဒေသတွင် ဆူပူအုံကြွမှုကို ရက်စက်စွာ နှိမ်နှင်းခဲ့ပြီးနောက် တိဗက်အစိုးရအကြီးအကဲ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က လာဆာဒေသမှ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ရသည်။
ကွန်မြူနစ်တရုတ်တို့က တိဗက်ကို ၁၉၅၀ ပြည့်နှစ်တွင် ကျူးကျော်သိမ်းပိုက်ခဲ့သော်လည်း ဒလိုင်းလားမား အစိုးရသည် ကိုယ်ပိုင်အဖွဲ့အစည်းနှင့် ဆက်လက်ရပ်တည်ခဲ့ပြီး  တရုတ်အစိုးရက တိဗက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့သည်။
ဒလိုင်းလားမားသည် ၎င်း၏ နောက်လိုက်များနှင့်အတူ ဒေသတွင်းမှ ထွက်ပြေးသွားခဲ့ပြီးနောက် အိန္ဒိယနှင့် ပထဝီနယ်နမိတ် ငြင်းခုံမှု ပေါ်ပေါက်လာခဲ့ကာ တရုတ်အစိုးရက မက်မိုဟန်ဒေသကို ပိုင်ဆိုင်သည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
တရုတ်သည် အာရှနိုင်ငံအများအပြားနှင့် အငြင်းပွားမှုများ ဖြစ်နေပြီး ယင်းပြဿနာများကို ပြေလည်အောင် ဖြေရှင်းရန် ဆန္ဒမရှိကြောင်းလည်း တိဗက်ခေါင်းဆောင်ဆာရင်က မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly