တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ရုတ်တရက်မြင့်တက်လာမှုကြောင့် ဆေးဝါးများပြတ်လပ် 

By ANI
08 January 2023
တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ရုတ်တရက်မြင့်တက်လာမှုကြောင့် ဆေးဝါးများပြတ်လပ် 

 

သမ္မတ ရှီကျင့်ဖျင်ဦးဆောင်သော အစိုးရသည် ကိုဗစ်လုံးဝကင်းစင်မူဝါဒ ဖြေလျှော့မှုများကို ကြေညာပြီးနောက် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာကာ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများသည် ဆေးဝါးလိုအပ်ချက်မြင့်မားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ဆိုးဆိုးရွားရွား ဆေးဝါးပြတ်လပ်မှုကြောင့် လူအများအပြား သက်တမ်းလွန်ဆေးဝါးများကို သောက်သုံးနေကြရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ 
ဒေသဆိုင်ရာအစိုးရများသည် ထိတ်လန့်တကြားဝယ်ယူမှုမရှိစေရန် အသုံးများသော အဖျားကျဆေးများ ပိုမိုဖြန့်ဖြူးပေးရန်နှင့် ဆေးရောင်းချမှုကိုကန့်သတ်ရန် အစီအမံများကို စတင်လုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံသည် မရှိမဖြစ်လိုအပ်သော ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းမျိုးစုံ တင်ပို့မှုကိုပိတ်ပင် တားမြစ်လိုက်သောကြောင့် ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် စင်ကာပူကဲ့သို့သော နိုင်ငံများတွင် ဆေးဝါးများ ပြတ်လပ်သွားခဲ့သည်။
ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီကဇန်နဝါရီ ၈ ရက်တွင် ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အစီအမံများကို ဖြေလျှော့ကြောင်း ကြေညာလိုက်သဖြင့် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ရပ်များ  ပိုမိုတိုးပွားမည်ကို နိုင်ငံတစ်ဝန်းတွင် စိုးရိမ်နေကြသည်။  
တရုတ်နိုင်ငံရှိ ဆေးဝါးကုမ္ပဏီများသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် အဓိကဆေးဝါးများ ပံ့ပိုးနိုင်ရန် အချိန်ပြည့် လုပ်ငန်းလည်ပတ်နေရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ 
တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်ရှိ Shandong Xinhua Pharmaceutical Co. Ltd. သည် အဖျားကျဆေးများနှင့် အကိုက်အခဲပျောက်ဆေးများကို အဓိကထုတ်လုပ်ပြီး လိုအပ်ချက်ပြည့်မီစေရန် ဖျားနာကိုက်ခဲပျောက်ဆေး ibuprofen ကို တစ်နေ့လျှင် ၂၄ နာရီ တိုးမြှင့်ထုတ်လုပ်ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
လူများသည် အဖျားကျဆေးတစ်မျိုးတည်းကိုသာ ဝယ်ယူနိုင်သည်။ ဝယ်ယူသူတစ်ဦးအတွက် အများဆုံးဆေးပြား ၆ ပြား သို့မဟုတ် အရည် ၁၀၀ မီလီလီတာ (၃ အောင်စ) အထိသာ ဝယ်ယူခွင့်ရှိသည်ဟု CNN မှ ဖော်ပြထားသည်။
“လက်ရှိ ဆေးဝါးပြတ်လပ်မှုတွေကို ၂ လအတွင်းမှာ လျော့ပါးအောင်လုပ်သင့်ပါတယ်။ အစိုးရရဲ့ စွက်ဖက်မှုနဲ့ စည်းမျဥ်းစည်းကမ်းတွေက ပိုမိုဆိုးဝါးလာနိုင်ပါတယ်" ဟု Honz ဆေးဝါးကုမ္ပဏီပြောကြားချက်ကို ကိုးကား၍ CNN  သတင်းက ဖော်ပြခဲ့သည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly