KNU တပ်မဟာ(၅)နယ်မြေ ၁ နှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် BGF တပ်ဖွဲ့ဝင် ၁,၃၀၀ ကျော်သေဆုံး၊ တပ်ရင်းမှူး ၂ဦးနှင့် ဒု-တပ်ရင်းမှူး ၅ဦးပါဝင်

KNU တပ်မဟာ(၅)နယ်မြေ ၁ နှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် BGF တပ်ဖွဲ့ဝင် ၁,၃၀၀ ကျော်သေဆုံး၊ တပ်ရင်းမှူး ၂ဦးနှင့် ဒု-တပ်ရင်းမှူး ၅ဦးပါဝင်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)နယ်မြေတွင် ၂၀၂၂ တစ်နှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် BGF တပ်ဖွဲ့ဝင် ၁,၃၀၇ဦးသေဆုံးပြီး ၉၇၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာမှ ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

KNU မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီစစ်တပ်၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင်များအကြား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂,၇၃၇ ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

စစ်ကောင်စီစစ်တပ်ဘက်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူး နှစ်ဦး၊ ဒု-တပ်ရင်းမှူး ငါးဦး၊ ဗိုလ်ကြီး ခြောက်ဦး၊ ဒုတိယဗိုလ် ခြောက်ဦး၊ တပ်ကြပ်ကြီး ကိုးဦး၊ တပ်ကြပ် တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူး လေးဦး၊ ဒု-တပ်ရင်းမှူး ငါးဦး၊ ဗိုလ်ကြီး နှစ်ဦး၊ ဗိုလ် တစ်ဦး၊ ဒု-ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် ဒု-တပ်ကြပ် တစ်ဦးတို့ ပါဝင်သည်ဟု ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီ၏ မြင်းအကောင် ၆၀ သေဆုံးခဲ့ပြီး ၂၃ ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကား ၅၅ စီး၊ စစ်ကောင်စီတပ်အသုံးပြုသည့် တံတား ရှစ်စင်းနှင့် အဆောက်အဦ အလုံး ၂၀ ကို ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

KNLA အမှတ် (၅) တပ်မဟာဘက်မှလည်း တပ်ဖွဲ့ဝင် ၅၀ ဦး အသက်ပေးခဲ့ရပြီး ၁၈၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူတြော်ခရိုင်၊ ဒေသခံပြည်သူများ နေထိုင်သည့် ကျေးရွာနှင့် လုပ်ငန်းခွင်များထဲသို့လက်နက်ကြီး အလုံးရေ ၂,၀၀၁ လုံးပစ်ချခဲ့ပြီး၊ လေယာဉ်ဖြင့် ၃၅ ကြိမ်၊ ဗုံးသီးကြီး ၁၈၂ လုံးကြဲချခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၄၁ ဦးသေဆုံးခဲ့ပြီး၊ ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ ဒေသခံပြည်သူများ၏ နေအိမ် ၉၆ လုံး၊ ဘုးရားရှိခိုးကျောင်း နှစ်လုံး၊ စပါးကျည် ၁၀ လုံး၊ စပါးကြိတ်စက် နှစ်လုံးပျက်စီးခဲ့သည့်အပြင် ဒေသခံများ၏ ကျွဲ ကိုးကောင်နှင့် နွားခုနစ် ကောင်လည်း သေဆုံးခဲ့သည်။ 

ထို့အပြင် ဒေသခံပြည်သူများ၏ ဆန် ၁၂ အိတ်၊ ထိုင်းဘတ်ငွေ ၅၀,၀၀၀ ကျော်ကို စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ လုယူခဲ့ကြသည်ဟု KNU မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်ကောင်စီစစ်တပ်၏ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်နှင့်ငွေကြေး ကာလတန်းဖိုး မြန်မာငွေ သိန်းတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့သလို၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူများ၏ အိမ်အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်အမျိုးမျိုးတို့ကို အဓမ္မ ယူဆောင်သွားခဲ့ကြောင်း တာဝန်ရှိခေါင်းဆောင်တစ်ဦးက ပြောသည်။ 

ထုတ်ပြန်ချက်တွင်ပါသည့် သတင်းအချက်အလက်များသည် ၂၀၂၂ ခုနှစ်၊ KNU - မူတြော်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ အကြောင်းအရာများကို မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ တာဝန်ရှိသူများက ကောက်နုတ်စုစည်းထားသည့် မှတ်တမ်းအချက်အလက်များဖြစ်သည်ဟု ဆိုထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#မူတြော်ခရိုင်
#စစ်ကောင်စီတပ်ဖွဲ့ဝင်
#မှတ်တမ်းအချက်အလက်များ
#KNU
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required