ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ယာယီတပ်ရင်းမှူးအပါအဝင် ၁၀၀ကျော်သေဆုံး

By သွင်ထူးဈာန် (ကော်သူးလေ)
07 January 2023
ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ယာယီတပ်ရင်းမှူးအပါအဝင် ၁၀၀ကျော်သေဆုံး

ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူးအပါအဝင် ၁၀၀ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ဦး တိုင်းပြည်အတွက်အသက်ပေးလှူသွားကြောင်း သိရသည်။

KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ် တောင်စွန်းကျေးရွာရှိ စစ်ကောင်စီနှင့် BGFတို့ပူးပေါင်းတပ်စွဲထားသော စခန်းကုန်း သုံးခုကို KNLAတပ်ရင်း(၁၆)မှ တပ်ဖွဲ့ဝင်များ၊ တပ်မှူး ဗိုလ်အောင်စံရှားကိုယ်တိုင်ဦးဆောင်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)နှင့် ဗျူဟာမှူးဗိုလ်အယ်ဆေးဝါးဦးဆောင်သည့် Lion Battalionစစ်ကြောင်း KTLAတို့မှ ဇန်နဝါရီလ ၁ရက်နေ့ မှ စတင်ပြီး ငါးရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFမှ ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ လက်နက်ကြီးများ၊ ဒရုန်းဗုံးသီးများ၊ စနိုက်ပါနှင့် ချေမှုန်းရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၈၀ဦးခန့် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုဘက်မှလည်း SOFတပ်ဖွဲ့ဝင် ခြောက်ဦး၊ ပူးပေါင်းအဖွဲ့မှ ရဲဘော် သုံးဦး စုစုပေါင်းကိုးဦး ကျဆုံးပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“တိုက်ပွဲနှစ်ခုမှာ ကျနော်တို့ဘက်က ၁၂ယောက်ကျပါတယ်၊ အလောင်းပြန်မရတာလည်းရှိတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ အများစုက လေယာဉ်ကြောင့်ဖြစ်တာပေ့ါ၊ ကျနော်တို့မှာ လေယာဉ်ပစ်လက်နက်တွေရှိရင် ကျနော်တို့ ရဲဘော်တွေအသက်ပေးစရာမလိုဘူးဗျာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ(၂၈၃)၊ ခမရ(၂၈၄)နှင့် ခလရ(၃၂)တပ်ရင်းတို့ကို ဇန်နဝါရီလ ၄ရက်နေ့တွင် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီ တပ်ရင်းများထဲထိ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူအများအပြားအသုံးပြုကာ ပြန်လည်ခုခံခဲ့ရခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် ခလရ(၂၈၄)ယာယီတပ်ရင်းမှူး ဗိုလ်မှူးမင်းမောင်မောင်ဟိန်းအပါအဝင် ၃၀ကျော်သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရသိရပြီး အသေးစိတ်ကို တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အဆိုပါတိုက်ပွဲနှစ်ခုတွင် နဂါးနီစစ်ကြောင်းမှ လေးဦး၊ နဂါးဖြူစစ်ကြောင်းမှ တစ်ဦး၊ SOFမှ ခြောက်ဦးနှင့် Lion Battalionစစ်ကြောင်းမှ တစ်ဦး စုစုပေါင်း ၁၂ဦး ကျဆုံးခဲ့ကြောင်းသိရသည်။ ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ဒေသခံ လေးဦး သေဆုံး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၃,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကြာအင်းဆိပ်ကြီးတိုက်ပွဲ
#KNU
#မြေပြင်သတင်းများ
#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required