ပါကစ္စတန်တာလီဘန်အဖွဲ့က PML-N နှင့် PPP ပါတီထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထားရန် ခြိမ်းခြောက် 

By The Hindu
08 January 2023
ပါကစ္စတန်တာလီဘန်အဖွဲ့က PML-N နှင့် PPP ပါတီထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထားရန် ခြိမ်းခြောက် 

အာဏာရညွန့်ပေါင်းအဖွဲ့မှ အဓိက နိုင်ငံရေးပါတီကြီး ၂ ခု၏   ထိပ်တန်းခေါင်းဆောင်များသည် စစ်သွေးကြွများကို ဆန့်ကျင်သော တင်းကျပ်သည့် စီမံချက်များကို ဆက်လက်ပံ့ပိုးပါက  ပစ်မှတ်ထားခံရမည်ဟု တရားမဝင်ကြောင်းကြေညာခံထားရသည့် တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ခြိမ်းခြောက်လိုက်သည်။

အယ်လ်ခိုင်ဒါနှင့် နီးစပ်သည်ဟု ယူဆရသည့် TTP အဖွဲ့သည် အာဏာရညွန့်ပေါင်းအဖွဲ့မှ အဓိကပါတီကြီး ၂ ခုဖြစ်သော ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရက်ဖ်၏ ပါကစ္စတန်မွတ်စလင်အဖွဲ့အချုပ်-နာဝက်ဇ် (PML-N)  နှင့် နိုင်ငံခြားရေးဝန်ကြီး  ဘီလာဝယ် ဘူတိုဇာဒါရီဦးဆောင်သော ပါကစ္စတန် ပြည်သူ့ပါတီ (PPP) တို့ကို သတိပေးခဲ့သည်။
“ဒီပါတီ ၂ ခုဟာ သူတို့ရဲ့ ရပ်တည်ချက်အတိုင်းဆက်နေပြီး စစ်တပ်ရဲ့ ကျွန်အဖြစ် ဆက်ရှိနေမယ်ဆိုရင် ခေါင်းဆောင်ပိုင်းတွေကို အရေးယူသွားမှာပါ” ဟု စစ်သွေးကြွအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“ပြည်သူလူထုအနေနဲ့ ဒီလိုဦးဆောင်သူတွေနဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး” ဟု အဖွဲ့က သတိပေးထားသည်။ 
TTP အဖွဲ့သည် ၂၀၀၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည့်   ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ သားဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်အား သတိပေးခဲ့သည်။
ဝန်ကြီးချုပ် ရှာရစ်ဖ်သည် အမေရိကန်ကို ကျေနပ်စေရန် TTP ကို ဆန့်ကျင်သည့်စစ်ပွဲတွင် ၎င်း၏ပါတီတစ်ခုလုံးကို  အထောက်အပံ့ပြုမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း အကြမ်းဖက်အဖွဲ့ကပြောသည်။
TTP သည် ဘာသာရေးဆိုင်ရာ နိုင်ငံရေးပါတီများကို သက်ညှာခဲ့ပြီး TTP ၏ မူဝါဒတွင် ၎င်းတို့အား အရေးယူစရာအကြောင်းမရှိဟု ဆိုသည်။ ဘာသာရေးပါတီများအနေဖြင့် TTP အား ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်ဘက်-စစ်ဘက် ခေါင်းဆောင်များသည် နိုင်ငံတော်လုံခြုံရေးကော်မတီအစည်းအဝေးတွင် တွေ့ဆုံကာ   နိုင်ငံတွင်း အကြမ်းဖက်မှုကို လုံးဝသည်းမခံကြောင်း ပြသရန် ကတိပြုပြီး ရက်ပိုင်းအကြာ၌ TTP အဖွဲ့က သတိပေးချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
TTP သည် ဇွန်လက အစိုးရနှင့် သဘောတူညီထားသည့် အကန့်အသတ်မရှိ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို နိုဝင်ဘာလတွင် ဖျက်သိမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် စစ်သွေးကြွများအား ညွှန်ကြားခဲ့သည်။
TTP သည် ၂၀၀၉ ခုနှစ်တွင် စစ်တပ်ဌာနချုပ်ကို တိုက်ခိုက်ခြင်း၊ စစ်စခန်းများကို  တိုက်ခိုက်ခြင်းနှင့်၂၀၀၈ ခုနှစ်တွင် အစ္စလာမာဘတ်ရှိ Marriott ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်ခြင်း အပါအဝင် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် လူသေစေသော တိုက်ခိုက်မှုများစွာလုပ်ဆောင်သည့်အတွက် ပြစ်တင်ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required