ပါကစ္စတန်တွင် ထောက်လှမ်းရေး အရာရှိ ၂ ဦး ပစ်သတ်ခံရ

By Aljazeera
08 January 2023
ပါကစ္စတန်တွင် ထောက်လှမ်းရေး အရာရှိ ၂ ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ လမ်းဘေးစားသောက်ဆိုင် အပြင်ဘက်တွင် သေနတ်သမား၁ ဦးက ပါကစ္စတန်ထောက်လှမ်းရေးဌာနမှ အရာရှိ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတာဝန်ရှိသူများက ပြောသည်။

အရာရှိ ၂ ဦးသည် ဇန်နဝါရီ ၃ ရက်က ယာဉ်ရပ်နားစဉ် တိုက်ခိုက်မှုခံခဲ့ရကြောင်း ပန်ဂျပ်ပြည်နယ် ကာနီဝဲလ်ခရိုင်ရှိ အကြီးတန်းရဲအရာရှိ မူတာဇာဘာတီက ပြောသည်။
ပါကစ္စတန်တာလီဘန်များနှင့် အခြားလက်နက်ကိုင်အဖွဲ့များကို ဖမ်းဆီးရာတွင် လူသိများသော အရာရှိ ၂ ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး  မည်သည့်အဖွဲ့၏ လက်ချက်မှန်းမသိရပေ။ 
သတ်ဖြတ်ခံရသူများသည် ပါကစ္စတန်ရှိ သေနတ်နှင့် ဗုံးခွဲတိုက်ခိုက်မှုများ အပါအဝင် ရှုပ်ထွေးသောအမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့်ဖြေရှင်းရာတွင် ကျွမ်းကျင်သောကြောင့် လူသိများကြသည်။
အသတ်ခံရသည့် အရာရှိများထဲမှ ၁ ဦးမှာ ပါကစ္စတန်တာလီဘန်ဟု ခေါ်သော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ပြည်နယ်အကြမ်းဖက်မှုတန်ပြန်ရေး ဌာန၏ ညွှန်ကြားရေးမှူး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
လက်နက်ကိုင်တပ်ဖွဲ့ TTP သည် နိုဝင်ဘာလတွင် ပါကစ္စတန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို တဖက်သတ် အဆုံးသတ်ပြီးနောက် မကြာသေးမီလများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အရှိန်မြှင့် တိုက်ခိုက်ခဲ့သည်။
ပါကစ္စတန် တာလီဘန်များသည် သီးသန့်အဖွဲ့ဖြစ်သော်လည်း အာဖဂန်နစ္စတန်တွင် နှစ် ၂၀ ကြာ ပဋိပက္ခအပြီး NATO နှင့် အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော အာဖဂန်တာလီဘန်များနှင့် မဟာမိတ်ဖြစ်သည်။
ပါကစ္စတန်တွင် မကြာသေးမီက ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများသည် အာဖဂန်နစ္စတန်တွင် ပုန်းအောင်းနေသည့် ပါကစ္စတန် တာလီဘန်များကြောင့်ဖြစ်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာမူဟာမက်အာဖစ်ဖ်က ဇန်နဝါရီ ၂ ရက်တွင်  ပြောကြားခဲ့သည်။
ခါဝါဂျာမူဟာမက်အာဖစ်ဖ်က တိုက်ခိုက်မှုများတွင် ပါကစ္စတန်မြေအား အသုံးမချရေးအတွက် တိုက်ခိုက်ရေးသမားများအား ရပ်တန့်ခိုင်းရန် အာဖဂန်မှ တာလီဘန်အစိုးရကို တောင်းဆိုခဲ့သည်။ 
အာဖဂန်တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က အာဖဂန်နစ္စတန်သည် ပါကစ္စတန် အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေး လိုချင်ကြောင်း ဇန်နဝါရီ ၃ ရက်က  ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly