စီးပွားရေးအကျပ်အတည်းကြောင့် ကုန်တိုက်များနှင့်ဈေးများ စောစောပိတ်ရန် ပါကစ္စတန်အစိုးရ တိုက်တွန်း

By BBC
08 January 2023
စီးပွားရေးအကျပ်အတည်းကြောင့် ကုန်တိုက်များနှင့်ဈေးများ စောစောပိတ်ရန် ပါကစ္စတန်အစိုးရ တိုက်တွန်း

ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရသောကြောင့် ဈေးဝယ်စင်တာများနှင့် ဈေးများကို နေ့တိုင်း စောစောပိတ်ရန် ညွှန်ကြားထားသည်။

ထိုသို့ ဈေးများ စောစောပိတ်ခြင်းဖြင့် ပါကစ္စတန်နိုင်ငံအတွက် ပါကစ္စတန် ရူပီး ၆၂ ဘီလီယံ (ဒေါ်လာ ၂၇၄ ဒသမ ၃ သန်း၊ ပေါင် ၂၂၈ ဒသမ ၉ သန်း) ခန့် အကုန်အကျသက်သာစေလိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က ပြောကြားခဲ့သည်။
ပါကစ္စတန်သည် တင်သွင်းသည့်ရုပ်ကြွင်းလောင်စာများကို အသုံးပြုကာ နိုင်ငံအတွက် လိုအပ်သည့် စွမ်းအင် အများစုကို ထုတ်လုပ်သည်။
ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ ယမန်နှစ်က မြင့်တက်ခဲ့သောကြောင့် နိုင်ငံ၏ ယိမ်းယိုင်နေသောဘဏ္ဍာရေး အခြေအနေအပေါ် ဖိအားထပ်ဖြစ်စေခဲ့သည်။ ပါကစ္စတန်သည် စွမ်းအင်တင်သွင်းမှုများအတွက် ပေးချေရန် နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန် ဒေါ်လာ လိုအပ်လာသည်။
စျေးဝယ်စင်တာများနှင့် ဈေးများကို ဒေသစံတော်ချိန် ၂၀ နာရီ ၃၀ တွင် ပိတ်ရန်နှင့် လျှပ်စစ်သုံးစွဲမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချရန် အစိုးရဌာနများကို အမိန့်ထုတ်ထားကြောင်း အာဆစ်ဖ်က ဇန်နဝါရီ ၃ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် အရည်အသွေးညံ့သော လျှပ်စစ်ပန်ကာများ ထုတ်လုပ်မှုကို ဇူလိုင်လမှစကာ ပိတ်သိမ်းမည်ဖြစ်သည်။
"ဖက်ဒရယ်အစိုးရသည် စွမ်းအင်ထိန်းသိမ်းရေးစီမံချက်၏ ပြဋ္ဌာန်းချက်ကို ချက်ချင်း အတည်ပြုလိုက်သည်" ဟု အာဏာရ ပါကစ္စတန်မွတ်စလင်ပါတီအဖွဲ့ချုပ်-နာဝက်ဇ် (PML-N) က Twitter တွင် ရေးသားထားသည်။
လူဦးရေ သန်း ၂၂၀ ရှိသော ပါကစ္စတန်နိုင်ငံသည် စီးပွားရေး တည်ငြိမ်မှုရရန် နှစ်ပေါင်းများစွာ ရုန်းကန်နေရသည်။
ပါကစ္စတန်သည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရရှိခဲ့သလို ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် နောက်ထပ် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိခဲ့သည်။
ပါကစ္စတန်တွင် ယမန်နှစ်က ရေလွှမ်းမိုးမှုများသည်လည်း နိုင်ငံ၏ ဘဏ္ဍာ‌ရေးအခြေအနေကို ထိခိုက်စေခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် ပါကစ္စတန်တွင် ဒေါ်လာ ၄၀ ဘီလီယံ တန်ဖိုးခန့် ဆုံးရှုံးပျက်စီးမှုဖြစ်ခဲ့ကြောင်း အောက်တိုဘာလတွင် ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly