ထိုင်ဝမ်သို့ အမေရိကန်လက်နက်ရောင်းချမှုကို တရုတ် ကန့်ကွက်

By ANI  
08 January 2023
ထိုင်ဝမ်သို့ အမေရိကန်လက်နက်ရောင်းချမှုကို တရုတ် ကန့်ကွက်

ထိုင်ဝမ်အား အမေရိကန်က လက်နက်ရောင်းချသည့်အပေါ် တရုတ်က ဒီဇင်ဘာ ၃၀ ရက်က ကန့်ကွက် ပြောဆိုခဲ့ပြီး တရုတ်က ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နှင့် စစ်ဘက် ဆက်ဆံရေးကို ရပ်တန့်သင့်ကြောင်း တိုက်တွန်းလိုက်သည်။

“တရုတ်ရဲ့ ထိုင်ဝမ်ဒေသကို အမေရိကန်က လက်နက်ရောင်းချတာကို အမြဲ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ဒီဇင်ဘာ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်တစ်နိုင်ငံမူဝါဒနှင့် တရုတ်နှင့်အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်နှင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း ကတိပြုထားသည့် အမေရိကန်ခေါင်းဆောင်များ၏ ကတိ ကဝတ်ကို လိုက်နာရန် တရုတ်က အမေရိကန်အား တိုက်တွန်းကြောင်း ဝမ်က အလေးအနက် ပြောကြားခဲ့သည်။
"ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့ ထိုင်ဝမ်နဲ့ စစ်ဘက်ဆက်ဆံရေးကို ရပ်တန့်သင့်သလို ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းရင်းအသစ်တွေကို ဖန်တီးနေတာကိုလည်း ရပ်တန့်သင့်ပါတယ်။ တရုတ်အစိုးရက အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ဖို့ အခိုင်အမာ လုပ်ဆောင် သွားပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ထိုင်ဝမ်ကို ဒေါ်လာသန်း ၁၈၀ တန်ဖိုးရှိ တင့်ကားဖျက်လက်နက်ရောင်းချရန် ယခု သီတင်းပတ်အတွင်း အတည်ပြုပြီးခဲ့ပြီး ယင်းလက်နက်များနှင့် ထောက်ပံ့မှုများသည်  ဒေသတွင်း အခြေခံစစ်ဘက်ဆိုင်ရာ ဟန်ချက်ညီမှုကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့ ဝေဖန်တုံ့ပြန်လာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဌာနသည် ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိ Volcano တင့်ကားဖျက် လက်နက်စနစ်များနှင့် ဆက်စပ်ပစ္စည်းများကို အမေရိကန်ရှိ တိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုကိုယ်စားလှယ်ရုံးသို့ ပြည်ပသို့စစ်လက်နက်များရောင်းချပေးမှုအဖြစ် အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။
တရုတ်တို့ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် ထိုင်ဝမ်၏ တိုက်ပွဲဝင်အသင့်ဖြစ်မှု အားကောင်းစေရန် ထိုင်ဝမ်တွင် မဖြစ်မနေစစ်မှုထမ်းရမည့် ကာလကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ၄ လမှ ၁ နှစ်သို့ သက်တမ်းတိုးကြောင်း သမ္မတစိုင်အင်ဝမ်က ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာအပြီး ၂ ရက်အကြာတွင် အမေရိကန်၏ စစ်ဘက်ဆိုင်ရာပံ့ပိုးမှုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းပဋိပက္ခစတင်မှုအပြီး လနှင့်ချီဆွေးနွေးပြီးနောက် ထိုင်ဝမ်၏ စီးပွားရေးနှင့်နိုင်ငံလုံခြုံရေးကို ဆွေးနွေးရန် သမ္မတရုံး၌ အစည်းအဝေးများဆက်တိုက်ကျင်းပကာ စစ်မှုထမ်းကာလ သက်တမ်းတိုးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု  Taiwan Focus က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly