ကိုဗစ်အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန် တရုတ်ကို  WHO တောင်းဆို 

By ANI
08 January 2023
ကိုဗစ်အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန် တရုတ်ကို  WHO တောင်းဆို 

 
တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါဆိုင်ရာအချက်အလက်များကို တိတိကျကျနှင့် အချိန်နှင့် တစ်ပြေးညီတင်ပြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကြီးအကဲ တက်ဒရော့စ်အက်ဒါနွမ်ဂေဘရေယဲဆွတ်က  တရုတ်တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထပ်မံတောင်းဆိုခဲ့ကြောင်း WHO ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ဗီဇဆိုင်ရာအချက်အလက်၊ ဆေးရုံတက်ကုသသူဦးရေ၊ အထူးကြပ်မတ်ကုသဆောင် (ICU) ၌ ရှိသူဦးရေနှင့် သေဆုံးမှုများအပါအဝင် ရောဂါသက်ရောက်မှုဆိုင်ရာအချက်အလက်များ၊ ကာကွယ်ဆေးများဖြန့်ဖြူးခြင်းနှင့် အထူးသဖြင့် ရောဂါအခံရှိသူများနှင့် အသက် ၆၀ ကျော်သူများအား ကာကွယ်ဆေးထိုးပေးမှုအခြေအနေများကို အဆင့်မြင့်အရာရှိများအစည်းအဝေးတွင် WHO က တောင်းဆိုခဲ့သည်။ 
ပြင်းထန်သောရောဂါကို ကာကွယ်ရန်နှင့် အသက်အန္တရာယ်စိုးရိမ်ရသူများ မသေဆုံးစေရေးအတွက် ကာကွယ်ဆေးထိုးခြင်းနှင့် အားဖြည့်ဆေးထိုးခြင်း၏ အရေးပါပုံကိုလည်း  WHO က ထပ်လောင်းပြောကြားခဲ့သည်။
ကူးစက်ရောဂါပျံ့နှံ့မှုနှင့် ကာကွယ်မှုဆိုင်ရာပညာရပ်၊ ဗီဇမျိုးကွဲများကို စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ကုသခြင်း၊ ဆက်သွယ်ရေးနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် တရုတ်၏ ပြောင်းလဲလာသော မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များအကြောင်းကို တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်နှင့် နိုင်ငံရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစီမံကွပ်ကဲမှုအဖွဲ့တို့က WHO အား ရှင်းလင်းတင်ပြခဲ့သည်။
WHO က ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် သက်ရောက်မှုအကဲဖြတ်ချက်များ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် တရုတ်ကို တိုက်တွန်းခဲ့ပြီး နှောင့်နှေးကြန့်ကြာမှုများမရှိစေရေးအတွက် ယင်းကဏ္ဍများနှင့် ကာကွယ်ဆေးထိုးမှုဆိုင်ရာ ဆက်သွယ်ရေးကိစ္စရပ်များတွင် ကူညီပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲမှုအပါအဝင် ကိုဗစ်-၁၉ ကျွမ်းကျင်သူကွန်ရက်များတွင် ပိုမိုနီးကပ်စွာပါဝင်ရန် တရုတ် သိပ္ပံပညာရှင်များကို WHO က ဖိတ်ခေါ်ခဲ့သည်။
" တရုတ်နှင့် ကမ္ဘာ့အသိုက်အဝန်းအား အကူအညီပေးရေးအတွက် တိကျသောအန္တရာယ်အကဲဖြတ်မှုများပြု လုပ်ရန်နှင့် ထိရောက်သော တုံ့ပြန်မှုများကို အသိပေးရန် စောင့်ကြည့်ခြင်းနှင့် အချက်အလက်များ အချိန်မီ ထုတ်ပြန်ရေးသည် အရေးကြီးကြောင်း WHO က အလေးပေးပြောကြားခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly