ရှင်ကျန်းရွှေတွင်း ပြိုကျမှုတွင်  ဝီဂါအလုပ်သမားအများစု ပိတ်မိနေ

By RFA
08 January 2023
ရှင်ကျန်းရွှေတွင်း ပြိုကျမှုတွင်  ဝီဂါအလုပ်သမားအများစု ပိတ်မိနေ

တရုတ်နိုင်ငံ အနောက်ဘက်စွန်း ရှင်ကျန်းဒေသတွင် ရွှေတွင်းပြိုကျပြီးနောက် ၅ ရက်ကြာသည်အထိ ကယ် ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေကာ ပိတ်မိနေသည့် မိုင်းလုပ်သား ၁၈ ဦးတွင် အများစုမှာ ဝီဂါများဖြစ် ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက Radio Free Asia သို့ ဒီဇင်ဘာ ၂၉ရက်တွင် ပြောသည်။

ဂူလ်ဂျာကောင်တီ ကွာရာယာဂတ်မြို့ရှိ West Gold Yili ကုမ္ပဏီပိုင် မိုင်းတွင်းသည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီ ၄၀ ခန့်တွင် ပြိုကျခဲ့သည်။
မြေအောက်မိုင်းလုပ်သား ၄၀ အနက် ၂၂ ဦးကို မိုင်းတွင်းမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သော်လည်း ၁၈ ဦးမှာ ပိတ်မိနေဆဲဖြစ်ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။
“အခု ပိတ်မိနေသူတွေရဲ့ တည်နေရာကို အတိအကျ သိရပါပြီ” ဟု Xinjiang Nonferrous Metals Industry (Group) ကုမ္ပဏီမှ ဘေးကင်းလုံခြုံရေးအရာရှိ လူဝေက ဒီဇင်ဘာ ၂၅ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဒါပေမယ့် ရှုပ်ထွေးတဲ့ မြေအောက်အခြေအနေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ပတ်ဝန်းကျင်က ကျောက်တုံးတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အခက်အခဲများစွာ ဖြစ်စေခဲ့ပါတယ်။ ၁၈ ယောက်နဲ့ အဆက်အသွယ် မရသေးပါဘူး” ဟု ၎င်းက ပြောသည်။
မြေအောက်မိုင်းတွင်းလုပ်သား ၁၈ ဦးအနက် အများစုမှာ ဝီဂါတိုင်းရင်းသားများဖြစ်ကြောင်း အီလီကာဇက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂူလ်ဂျာကောင်တီရှိ သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး မြေအောက်ပိတ်မိနေသူအများစုမှာ ဝီဂါအလုပ် သမားများဖြစ်ကြောင်း စီရင်စုရှိ အရေးပေါ်လုပ်ငန်းကုမ္ပဏီမှ အလုပ်သမားတစ်ဦးက ပြောသည်။
ပိတ်မိနေသူများမှာ ဟန်တရုတ်နှင့် ဝီဂါများဖြစ်ကြောင်း သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးက အစော ပိုင်းတွင် ပြောကြားခဲ့သော်လည်း ကွာရာယာဂတ်မြို့ခံများမှာ ဝီဂါများဖြစ်သည့်အတွက် မြေအောက်ပိတ်မိနေသူ အလုပ်သမားအများစုမှာ ဝီဂါများဖြစ်နိုင်ကြောင်း သူမက ပြောကြားခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးယာဉ် ၈၀ ကျော်နှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဖြင့် ကယ်ဆယ်ရေးသမား ၃၀ဝ ကျော်ကို စေလွှတ်ခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly