တရုတ်လေယာဉ်တင်သင်္ဘောက အမေရိကန်ပိုင် ဂူအမ်ကျွန်းအနီးသို့ ချဉ်းကပ်ခဲ့

By RFA
08 January 2023
တရုတ်လေယာဉ်တင်သင်္ဘောက အမေရိကန်ပိုင် ဂူအမ်ကျွန်းအနီးသို့ ချဉ်းကပ်ခဲ့

 

တရုတ်လေယာဉ်တင်သင်္ဘော Liaoning က အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းသို့ ချဉ်းကပ်ခဲ့ပြီး  ယင်းလုပ်ရပ်သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမေရိကန်အား သတိပေးမှုအဖြစ် တရုတ်နိုင်ငံပိုင်သတင်းစာ Global Times က အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

တရုတ်အား မကြုံစဖူး မဟာဗျူဟာမြောက်စိန်ခေါ်မှုအဖြစ်ဖော်ပြထားသည့် လုံခြုံရေးမဟာဗျူဟာအသစ်ကို ဂျပန်က ကြေညာလိုက်ချိန်တွင် Liaoning နှင့်အရံသင်္ဘောအစုသည် ဒီဇင်ဘာလလယ်ကတည်းက အနောက်ပစိဖိတ်ဒေသတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။
တရုတ်လေယာဉ်တင်သင်္ဘောမှ လေယာဉ်များသည်  ဒီဇင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ၁၀ ရက်အတွင်း လေယာဉ် အဆင်းအတက်အကြိမ်ပေါင်း ၂၆၀ ခန့် ပြုလုပ်ခဲ့သောကြောင့် ဂျပန်စစ်လေယာဉ်များနှင့် ရေယာဉ်များ အရေးပေါ်လှုပ်ရှားခဲ့ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပူးတွဲစစ်ဦးစီးအရာရှိချုပ်ရုံးက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 
Liaoning အပါအဝင် Type 055 ဒုံးကျည်ဖျက်သင်္ဘောကြီး ၁ စင်းနှင့် အခြားသင်္ဘောများစွာပါဝင်သော တရုတ် ရေတပ်သင်္ဘောအုပ်စုသည် ဝေးလံခေါင်သီသော အိုကီနာဝါစီရင်စုရှိ အိုကီဒိုင်တိုနှင့် ကီတာဒိုတိုကျွန်းများအနီး တွင်သာမက ဂျပန်၏ တောင်ဘက်စွန်းဖြစ်သော အိုကီနိုတိုရီရှီမာကျွန်းအနီးတွင်လည်း ခုတ်မောင်းသွားခဲ့သည်။
Liaoning သင်္ဘောသည် ထိုင်ဝမ်နှင့်ဂျပန်ကြားရေပြင်သို့ ပြန်မလှည့်မီ ဂူအမ်၏ အနောက်မြောက်ဘက် ၆၁၈ ကီလိုမီတာ (၃၈၄ မိုင်) အကွာခန့်ရှိ အိုကီနိုတိုရီရှီမာအရှေ့တောင်ဘက် ၆၇၀ ကီလိုမီတာ (၄၁၆ မိုင်) ခန့်တွင် တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂူအမ်တွင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များနှင့် ရေငုပ်သင်္ဘောများထားရှိသည့် အမေရိကန်၏ အဓိက စစ်အခြေစိုက် စခန်း ၂ ခုရှိသည်။
ဂူအမ်သို့ ချဉ်းကပ်ခြင်းအားဖြင့် တရုတ်စစ်တပ်(PLA) သည် ပထမကျွန်းကွင်းဆက်အလွန် ဒုတိယကျွန်းကွင်း ဆက်သို့ ရောက်ရှိခဲ့သည်။
ပထမကျွန်းကွင်းဆက်သည် ဂျပန်နှင့် ထိုင်ဝမ်အပါအဝင် အရှေ့အာရှတိုက်ကုန်းမကြီးကို ဝန်းရံထားသော အဓိကကျွန်းစုများ၏ ကျွန်းစဉ်ဆက်တန်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required