လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုရာ၌ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ပါဝင်ဟု ကုလသမဂ္ဂက ပြော 

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုရာ၌ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ပါဝင်ဟု ကုလသမဂ္ဂက ပြော 

မြန်မာစစ်အာဏာသိမ်းအုပ်စုက အကျဉ်းသား ၇,၀၀၀ ကျော်ကို ယခု သီတင်းပတ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ၌ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ပါဝင်သည်ဟု ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။ 

လွန်ခဲ့သည့် နှစ်နှစ်နီးပါးက အာဏာသိမ်းယူခဲ့သော စစ်အာဏာသိမ်းအုပ်စုသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော ၇၅ နှစ်မြောက်၌ အကျဉ်းသား ၇,၀၁၂ ဦးကို ပြန်လွှတ်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာသည်။ 

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် သဘောထားကွဲလွဲသူများအား ရက်စက်စွာ ဖြိုခွင်းမှုများအတွင်း ဖမ်းဆီးထောင်ချထားသူများ ပါမပါကို အတိအကျ မဆိုသော်လည်း ပြန်လွှတ်ပေးသူများတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောသည်။ 

“နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက် ပါပါတယ်”ဟု ပြောခွင့်ရသူ ဂျာရီမီ လော်ရန့်က “ယုံကြည်ရသည့် ရင်းမြစ်” ကို ကိုးကားပြီး သတင်းထောက်များအား ပြောသည်။ 

ထို ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ လက်ရှိအထိ ၁၉၅ ဦးကို အတည်ပြုပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသား ၃၀၀ ပြန်လွတ်လာသည်ဟု မှတ်ယူရကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့ AAPP ကလည်း ပြောသည်။ ၎င်းတို့မှ ၂၂၃ ဦးကို အတည်ပြုခွဲခြားထားနိုင်ပြီး ကျန်သူများကို ဆက်လက်စိစစ်နေသည်။ 

“မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်တာဟာ မမျှမတ ဖမ်းဆီးထားသူတွေအတွက် သက်သာရာရုံမကဘူး သူတို့ရဲ့ မိသားစုတွေအတွက်ပါ စိတ်သက်သာရာ ရတယ်”ဟု လော်ရန့်က ပြောသည်။ 

လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအား ကြိုဆိုသော်လည်း “ယခု အကျဉ်းသားများအား ပြန်လွှတ်ပေးချိန်မှာပင် အခြား ၂၂ ဦးကို ဖမ်းဆီးကြောင်း” လော်ရန့်က ထောက်ပြပြောဆိုသည်။ 

“ဒါကြောင့် အခြေအနေက မပြောင်းလဲပါဘူး”ဟု ၎င်းက ဆိုသည်။ 

စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်၍ ဖမ်းဆီးထားသူများတွင် အများစုက “နှိပ်စက်ညှဥ်းပန်းခံရခြင်းနှင့် မတော်မတရား ဆက်ဆံခြင်းများ” ခံရကြောင်း ၎င်းက ပြောသည်။ 

“ဒီလို ဖမ်းဆီးတာဟာ စစ်အာဏာသိမ်းအုပ်စုကို ဝေဖန်မှုတွေကို အသံတိတ်သွားအောင် လုပ်ဆောင်ရုံသက်သက် မဟုတ်ဘဲ အကြောက်တရားပါ ရိုက်သွင်းတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစပြီး လူပေါင်း ၁၇,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ရာ ၁၃,၀၀၀ ကျော်မှာ အကျဉ်းကျနေဆဲ ဖြစ်သည်ဟု လော်ရန့်က ပြောသည်၊ မြန်မာနိုင်ငံက အခြေအနေအတွက် အစီရင်ခံရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်ကာ တက်ခ်က ပြင်ဆင်နေကြောင်း ဖြည့်စွက်ဆိုသည်။ 

“ပြည်သူတွေကို ချောင်ပိတ်ထားပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းက မလွတ်မြောက်နိုင်ဘူး၊ ပြည်သူတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြုပေးရမှာ ဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင်စေရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required