ဆားလင်းကြီးမြို့မ ရဲစခန်းကို SBTFက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် 

By MTO(မဇ္ဈိမ)
07 January 2023
ဆားလင်းကြီးမြို့မ ရဲစခန်းကို SBTFက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် 

မဇ္ဈိမ။      ။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ၊ ဆားလင်းကြီး မြို့မရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၆ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force မှ ရဲဘော်တံခွန်က ပြောသည်။

“မြို့မရဲစခန်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တာပါ။ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲတာရှိပြီး စခ(စစ်ကောင်စီတပ်သား)ရခ၊(ရဲတပ်သား)များအထိအခိုက်ရှိတယ်လို့ ပြန်လည် သတင်းရပါတယ်။ ကျတော်တို့ ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးဗျ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ညပိုင်း ၁၁နာရီအချိန်က စတင်ပစ်ခတ်ခြင်းပြုလုပ်ကြရာ ပစ်ခတ်မှုကြာချိန် တစ်နာရီခန့်ရှိပြီး ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိကြောင်း ၎င်းကထပ်ဆင့်ပြောသည်။

ဇန်နဝါရီလ ၃ ရက်နေ့က မုံရွာမြို့ ၊အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်ပြီးနောက် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ယခုကဲ့သို့ ရဲစခန်းကို ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဘင်္ဂါးရွာ ၊ဖောင်းကတာရွာ ၊ကျောက်ဖြူတိုင်ရွာများမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းတွင်လည်း မိုးကြိုးပြင်ရွာကို ရောက်ရှိနေပြီး ကျေးရွာအတွင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း SBTF  အဖွဲ့က ပြောသည်။

စာတည်း။     ။ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#မြို့မရဲစခန်း
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required