ဒီပဲယင်းမြို့ စစ်ကောင်စီတပ်ကင်းစခန်း တိုက်ခိုက်ခံရ

By ရွှေနွယ် (မဇ္ဈိမ)
07 January 2023
ဒီပဲယင်းမြို့ စစ်ကောင်စီတပ်ကင်းစခန်း တိုက်ခိုက်ခံရ

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စိန်ပန်းပင်ဂိတ်ကင်းစခန်းအား နယ်မြေခံဒီပဲယင်း ပ.က.ဖ နှင့်အတူပူးပေါင်း၍ ယမန်နေ့ ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု Department of Infromation (DRPA) ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်ညိုမင်းက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဂိတ်စခန်းအတွင်းမှ လမ်းမပေါ်သို့ထွက်နေသော စစ်ကောင်စီတပ်သားနှစ်ဦး ကျည်ဆန်ထိမှန်လဲကျသွားကာ သေဆုံးနိုင်ခြေရှိသည်ဟု ရဲဘော်ညိုမင်းက ဆိုသည်။

သွားရောက်တိုက်ခိုက်ခဲ့သည့် စိန်ပန်းပင်ဂိတ် ကင်းစခန်းထဲတွင် စစ်ကောင်စီတပ်သား(၁၀ ဦးခန့်ရှိနေပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၀ ဦးခန့်က မောင်းပြန်သေနတ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဂိတ်သည် ဒီပဲယင်းအနောက်ဘက်ခြမ်းသို့သွားသည့် ခရီးသွားလူထုကို အမျိုးမျိုးသောအကြောင်းပြချက်များဖြင့် ခြိမ်းခြောက်ငွေကောက်ယူမှုများကို ကျူးလွန်လေ့ရှိသောကြောင့် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ရဲဘော်ညိုမင်းက ပြောသည်။

ဒီပဲယင်းမြို့တွင် အရှေ့ဘက်မြို့အဝင်တွင်လည်း စစ်ကောင်စီဂိတ်စခန်းရှိပြီး အဆိုပါဂိတ်နှင့် ယခုတိုက်ခိုက်ခံရသော အနောက်ဘက်ခြမ်းကဂိတ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်လေ့ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ကလည်း အဆိုပါ စိန်ပန်းပင်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

Department of Information−DRPA အနေနှင့် ဇန်နဝါရီ ၃ ရက်နေ့က တင်မိသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဉ်ကို တိုက်ခိုက်ခဲ့သောသတင်းကြောင့် Facebook Page Quality မှာ အနီရောင်အဆင့်ဖြစ်နေပါသဖြင့် ဆက်လက်၍ တိုက်ပွဲသတင်းများထုတ်ပြန်ပေးနိုင်ပါရန် ပြည်သူလူထုမှ Page Review ရေးပေးကြဖို့အတွက်လည်း ရဲဘောညိုမင်းက မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တိုက်ပွဲသတင်းများ
#ဒီပဲယင်းမြို့
#DRPA
#စိန်ပန်းပင်ဂိတ်

Now

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly