ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်သမ္မတ၏ လေသံပျော့ပျောင်းမှုသည် မူဝါဒပြောင်းလဲခြင်း မဟုတ် 

By Taipei Times
07 January 2023
ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်သမ္မတ၏ လေသံပျော့ပျောင်းမှုသည် မူဝါဒပြောင်းလဲခြင်း မဟုတ် 

တရုတ်သမ္မတရှီကျင့်ဖျင်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြင်းပြင်းထန်ထန်ပြောကြားမှုကို ရှောင်ရှားခဲ့သော်လည်း ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်၏ ရည်ရွယ်ချက်များ ပြောင်းလဲသွားခြင်းမဟုတ်ကြောင်း ကျွမ်းကျင်သူများက ဇန်နဝါရီလ ၁ရက်တွင် ပြောကြားလိုက်သည်။

ရှီသည် ၂၀၂၂ခုနှစ်တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အသုံးအနှုန်းကို သုံးနှုန်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် ရှီ၏ နှစ်ပတ်လည် မိန့်ခွန်းတွင် လေသံပျော့လာခြင်းကြောင့် ရန်လိုမှုနည်းပါးလာကြောင်း လေ့လာသူများက မှန်းဆနေကြသည်။
ရေလက်ကြား နှစ်ဖက်စလုံးရှိ ပြည်သူများသည်တစ်အူထုံ့ဆင်းမိသားစုဝင်များဖြစ်ကြောင်းနှင့် ရေလက်ကြား နှစ် ဖက်စလုံးရှိ ပြည်သူပြည်သားများသည် တရုတ်နိုင်ငံ ထာဝရသာယာဝပြောရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ လုပ်ဆောင်ကြမည်ဟု အလေးအနက်မျှော်လင့်ထားကြောင်း ရှီက ပြောကြားခဲ့သည်။ 
ယခုနှစ်ပြောဆိုချက်သည် "နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေး သည် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးမှ လူများ၏ တူညီသောဆန္ဒတစ်ခု ဖြစ်သည်" ဟူသော ၂၀၂၂ခုနှစ်က နှစ်သစ်ကူးမိန့်ခွန်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
နိုင်ငံတော် ပေါင်းစည်းရေး၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ၁၉၉၂ ခုနှစ် သဘောတူညီမှု စသည့် အသုံးအနှုန်းများကိုလည်း ထည့်သွင်းမပြာဆိုခဲ့ပေ။
သို့သော် ထိုင်ဝမ်ကို စစ်ရေးခြိမ်းခြောက်မှုမှာ မရပ်တန့်သေးဘဲ တရုတ်စစ်တပ်မှ လေယာဉ် ၂၄ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်းတို့သည် ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီမှ ဇန်နဝါရီလ ၁ ရက် နံနက် ၆ နာရီအကြား ကျူး ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ယင်းလုပ်ရပ်က တရုတ်အစိုးရက အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုသည်ကို သက်သေပြနေကြောင်း ဒီမိုကရက်တစ်တိုးတက်ရေးပါတီ ဥပဒေပြုအမတ် ချန်တင်းဖေ့က ပြောကြားခဲ့သည်။
‘တစ်မိသားစုတည်း’ ဟူသော ပြောကြားချက်မျိုးသည် ဝါဒဖြန့်မှုသက်သက်ဖြစ်ပြီး အဓိပ္ပါယ်မရှိကြောင်းနှင့် တရုတ်က စစ်ရေးခြိမ်းခြောက်မှုကို ရပ်တန့်မှသာ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာနိုင်ကြောင်း ချန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly