တရုတ်က နယ်စပ်ထိန်းချုပ်မျဉ်းကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးစားခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား

By ANI
07 January 2023
တရုတ်က နယ်စပ်ထိန်းချုပ်မျဉ်းကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးစားခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား

နယ်စပ်ထိန်းချုပ်မျဉ်း (LAC) ကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးစားသော တရုတ်နိုင်ငံအား အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာက ဇန်နဝါရီ ၂ ရက်တွင် ပြစ်တင်ဝေဖန်လိုက်သည်။

ဂျိုင်ရှန်ကာက "နယ်စပ်ထိန်းချုပ်မျဉ်း (LAC) ကို တစ်ဖက်သတ်မပြောင်းဖို့ ကျွန်တော်တို့ သဘောတူထားကြပါတယ်။ သူတို့က တစ်ဖက်သတ် ပြောင်းဖို့ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ သိလာတဲ့ ပြဿနာတစ်ခုလို့ ထင်ပါတယ်" ဩစတြေးလျရုပ်သံလွှင့်ဌာန ORF ၏ Austrian ZIB2 အစီအစဉ်အတွက် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
နယ်စပ်ထိန်းချုပ်မျဉ်း (LAC) ၏အနောက်ဘက်ရှိ ဂေါ်လန်တောင်ကြားနှင့် ပန်ဂေါင်ရေကန်တို့တွင် မကြာသေးမီနှစ်များအတွင်း ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။ အရှေ့ဘက်ရှိ တာဝမ်ဒေသသည် အိန္ဒိယနှင့် တရုတ်တို့ နောက်ဆုံးခိုက်ရန်ဖြစ်ပွားခဲ့ရာ နေရာဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ ပိုမိုကြီးမားတဲ့ စိုးရိမ်စရာ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်ဒေသတွေမှာ တပ်ဖွဲ့ဝင်တွေ အများအပြား မထားရှိဖို့ တရုတ်နဲ့ သဘောတူညီထားပါတယ်။ သူတို့က အဲဒီ သဘောတူညီချက်တွေကို မလိုက်နာလို့ လက်ရှိမှာ အခြေအနေတွေ တင်းမာနေတာပါ” ဟု ၎င်းက ပြောသည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ဒီဇင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံဘက်ခြမ်းရှိ ချူရှူး-မိုဒို နယ်ခြားမှတ်တိုင်၌ ၁၇ ကြိမ်မြောက် တပ်မှူးအဆင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အနောက်ဘက်ခြမ်းတွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်။
လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးစားသော တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဂျိုင်ရှန်ကာက “သဘောတူညီချက်တွေကို မလိုက်နာလို့ဆိုပြီး တရုတ်နိုင်ငံက အိန္ဒိယကို အပြစ်တင်ချင်တင်မှာပါ။ ဒါပေမယ့် ဘယ်သူက တရားလွန်လဲဆိုတာ ဂြိုဟ်တုဓာတ်ပုံတွေက ရှင်းရှင်းလင်းလင်း ပြသနိုင်ပါလိမ့်မယ်” ဟု ဆိုသည်။
“အခု လက်ရှိအနေအထားက ပြောင်းလဲနိုင်မလား မပြောင်းလဲဘူးလားဆိုတာတော့ နိုင်ငံခြားရေး ၀န်ကြီးတစ်ယောက်အနေနဲ့ လူသိရှင်ကြား ခန့်မှန်းဖို့ ခက်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အမြင်နှင့် သုံးသပ်ချက်တွေ ရှိနိုင်ပေမဲ့ ကျွန်တော့် အတွေ့အကြုံကိုပဲ ပြောပြသွားမှာပါ” ဟု ဂျိုင်ရှန်ကာကပြောသည်။
“နောက်ပြီး ကျွန်တော့်ရဲ့ အတွေ့အကြုံအရ စာရွက်ပေါ်ကသဘောတူညီချက်တွေကို မျှတမှုမရှိတဲ့ စစ်ရေးဖိအားပေးမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အမြင်အရ ဒါဟာ မျှတမှုမရှိပါဘူး။ တရုတ်က ပြောင်းပြန် ပြန်ပြောပါလိမ့်မယ်။ အိန္ဒိယက သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘူးလို့ ပြောကြလိမ့်မယ်။ ဒါပေမယ့် တရုတ်အတွက် ဒီလိုပြောဖို့ခက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မှတ်တမ်းတွေက အလွန်ရှင်းလင်းလို့ပါ၊ ဒီကနေ့ခေတ်မှာ ပွင့်လင်းမြင်သာမှုအများကြီး ရှိလာလို့ပါပဲ။ ခင်ဗျားတို့မှာ ဂြိုဟ်တုဓာတ်ပုံတွေရှိတယ်။ နယ်စပ်ဒေသကို ဘယ်တပ်ဖွဲ့ဝင်တွေ အရင်ဆုံး ချဉ်းကပ်လာသလဲဆိုတာ မြင်ရင် ရှင်းသွားပါလိမ့်မယ်” ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကို ကျော်တက်ပြီး လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်လာနိုင်ခြေနှင့် ကမ္ဘာ့နိုင်ငံရေးတွင် အိန္ဒိယနိုင်ငံ၏ နေရာရရှိမှုနှင့်ပတ်သက်၍ ဂျိုင်ရှန်ကာ က “အိန္ဒိယဟာ အခုနှစ်အတွင်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်နိုင်ဖွယ်ရှိပါတယ်။  ဒီအချက်က အိန္ဒိယအတွက် နိုင်ငံရေးအရ အရေးပါမှုတစ်ခုလား၊ ဒါမှမဟုတ် ကိန်းဂဏန်းသက်သက်ပဲလား ဆိုတာကတော့ အဲဒီအချိန်ကိုရောက်ရင် သိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိန်းဂဏန်းတွေကို ဒီလိုရည်ရွယ်ချက်နဲ့ တခါမှ မသုံးဖူးလို့ပါ။ တခြားနိုင်ငံတွေကတော့ အသုံးပြုကောင်း ပြုနိုင်ပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ ဒါဟာ ကိန်းဂဏန်းတစ်ခုလို့ ပြောပါရစေ” ဟု ZIB2 သို့ ပြောကြားခဲ့သည်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများထဲတွင် မပါဝင်သည့်အတွက် ကုလသမဂ္ဂတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းကိုလည်း ဂျိုင်ရှန်ကာက အလေးထားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required