အဆိပ်သင့်ဓာတုပစ္စည်းများပါဝင်သည့် တရုတ်မှ ကဏန်းများတင်သွင်းမှုကို ထိုင်ဝမ် ပိတ်ပင်

By Focus Tawian
07 January 2023
အဆိပ်သင့်ဓာတုပစ္စည်းများပါဝင်သည့် တရုတ်မှ ကဏန်းများတင်သွင်းမှုကို ထိုင်ဝမ် ပိတ်ပင်

တရုတ်နိုင်ငံမှ အလေးချိန် ၆၇၀၀ ကီလိုဂရမ်ရှိ ကဏန်းအရှင်များတွင်  ဒိုင်အောက်ဇင်ပမာဏ လွန်ကဲစွာ ပါဝင်နေသဖြင့် ထိုင်ဝမ်သို့ တင်သွင်းခွင့်မရဘဲ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခွင့်အပိတ်ခံရခြင်းဖြစ်ကြောင်း ထိုင်ဝမ်စားနပ်ရိက္ခာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သော တားမြစ်စားသောက်ကုန်စာရင်းအရ သိရသည်။

Shuo Hsuan International Trading ကုမ္ပဏီမှ တင်သွင်းလာသော တရုတ်ကဏန်းများတွင် အစိုအလေးချိန်၌ ၁ ဂရမ်၌ ဒိုင်အောက်ဇင် ၁၀ ဒသမ ၄ ပီကိုဂရမ်ပါဝင်ပြီး ဒိုင်အောက်ဇင်နှင့် ဒိုင်အောက်စင်နှင့်တူသည့် polychlorinated biphenyls (DL-PCBs) ပေါင်းစပ်ပါဝင်မှုက အစိုအလေးချိန် ၁ ဂရမ်တွင် ၁၀ ဒသမ ၈ ပီကိုဂရမ်ရှိကြောင်း တွေ့ရှိခဲ့သည်။ 
နှစ်ခုစလုံးသည် ထိုင်ဝမ်၏ဥပဒေအရ ခွင့်ပြုထားသည့် အစိုအလေးချိန် ၁ ဂရမ်တွင် ဒိုင်အောက်ဇင်ပါဝင်မှု ၃ ဒသမ ၅ ပီကိုဂရမ်နှင့် ဒိုင်အောက်စင်နှင့် DL-PCBs ပေါင်းစပ်ပါဝင်မှု ၆ ဒသမ ၅ ပီကိုဂရမ်ထက် လွန်စွာမြင့်မားနေကြောင်း FDA မြောက်ပိုင်းဌာန အကြီးအကဲ ချန်းချင်ယုက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်ဝမ်စားနပ်ရိက္ခာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သည် အရင်းအမြစ် စစ်ဆေးရေးကို အရှိန်မြှင့်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ချက်ချင်းဆိုသလိုပင် မသန့်ရှင်းသော ကဏန်းများထုတ်လုပ်သည့် ရှန်ဒေါင်းပြည်နယ်ရှိ တရုတ်ငါးပုဇွန်မွေးမြူရေးလုပ်ငန်းမှ တင်သွင်းမှုစစ်ဆေးခြင်းလျှောက်လွှာများကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့သည်။
ထိုင်ဝမ်အကောက်ခွန်ဌာနသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက နယ်စပ်တွင် တင်သွင်းမှုများ အသုတ်လိုက်စစ်ဆေးကာ တရုတ်နိုင်ငံမှ ကဏန်းတင်ပို့မှု ၂၅ ခုကို ငြင်းပယ်ခဲ့ကြောင်း ချန်းက မှတ်ချက်ပြုခဲ့သည်။
အဆိုပါ ၁၇ မျိုးစာရင်းတွင် အိန္ဒိယမှ ဆန်၊ တောင်ကိုရီးယားမှ ပျားလိမ္မော်သီး၊ မက္ကဆီကိုနိုင်ငံမှ သံပခြုပ်နှင့် ဂျပန်နိုင်ငံမှ စတော်ဘယ်ရီသီးများ ပါဝင်သည်။ တင်ပို့လာသည့် စံချိန်မမီသော သို့မဟုတ် မသန့်ရှင်းသော အစားအစာအားလုံးကို ဖျက်ဆီးခြင်း သို့မဟုတ် မူလနိုင်ငံသို့ ပြန်ပို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ချန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly