တိဗက်၏ ပေါများသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အလားအလာကို တရုတ် မျက်စိကျနေ

By Tibet Rights Collective
07 January 2023
တိဗက်၏ ပေါများသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အလားအလာကို တရုတ် မျက်စိကျနေ

ကမ္ဘာ့တတိယဝင်ရိုးစွန်းဖြစ်သော တိဗက်ဒေသရှိ ကြွယ်ဝသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အလားအလာကို တရုတ်နိုင်ငံက မျက်စိကျလျက်ရှိသည်။ ထို့ကြောင့် သိမ်းပိုက်ခံ တိဗက်၌ လာမည့်နှစ်တွင် ဆည်များ တည်ဆောက်မှုကို ထပ်မံမြင်တွေ့ရဖွယ်ရှိပြီး ဒေသတွင်းတွင် သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်ရေးစခန်းများ ထပ်မံတည်ဆောက်ရန် လိုအပ်ကြောင်း တရုတ်ဦးဆောင်ကျင်းပခဲ့သောဖိုရမ်တွင် ဆွေနွေးခဲ့ကြသည်။

တိဗက်မြို့တော်လာဆာတွင် ဒီဇင်ဘာ ၂၁ ရက်က ၇ ကြိမ်မြောက် ရန်ဂေါင် (Sunshine) ဖိုရမ်ကို အွန်လိုင်းစနစ်ရော လူကိုယ်တိုင်တက်ရောက်သည့် အစီအစဉ်ဖြင့်ပါ ကျင်းပခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြသည်။ ‘သန့်ရှင်းသောစွမ်းအင်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆန်းသစ်တီထွင်ခြင်းနှင့် ကာဗွန်ရည်မှန်းချက် ၂ ရပ် အကောင်အထည်ဖော်ခြင်းအတွက် အခွင့်အလမ်းသစ်များရှာဖွေခြင်း’ ဟူသော ဆောင်ပုဒ်ဖြင့်  ‘သန့်ရှင်းသောစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ နက်ရှိုင်းသော ဆွေးနွေးမှုများ’ ဆိုသည့် ဖိုရမ်ကို လာဆာမြို့နှင့် ချန်ဒူးမြို့တို့တွင် တစ်ချိန်တည်း ကျင်းပခဲ့သည်။
ဖိုရမ်စတင်ကျင်းပကတည်းက နိုင်ငံတစ်ဝှမ်းရှိ အဖွဲ့အစည်း ၆၀ ကျော်နှင့် တက်ရောက်သူ ၃၀၀ ကျော်တို့က ပူးပေါင်းပါဝင်ခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအတွက် အရင်းအမြစ်များကို စုဆောင်းခြင်းနှင့်ပေါင်းစပ်ပေါင်းစပ်ခြင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ခြင်းနှင့် ဒေသအတွင်း ကာဗွန်လျှော့ချပြီး စိမ်းလန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
“တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သန့်ရှင်းသောစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ ရှိသည်။ ထိုဒေသသည် နိုင်ငံအတွင်း နေရောင်ခြည်ရရှိချိန် အကြာဆုံးဖြစ်ပြီး တိဗက်တွင် အမြင့် မီတာ ၅၀၀၀ အောက်နေရာများတွင် သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရရှိမှု ပမာဏမှာ ကီလိုဝပ် ၁၂ ဘီလီယံရှိသည်။ တိဗက်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သော အရင်းအမြစ်များသည် နည်းပညာပိုင်းအရ ကီလိုဝပ် ၁၇၈ သန်းထုတ်လုပ်နိုင်ပြီး တရုတ်နိုင်ငံအတွင်း ပထမအဆင့်ဖြစ်သလို တိဗက်ရှိ ဘူမိအပူစွမ်းအင်အရင်းအမြစ်များသည်လည်း နိုင်ငံတွင်း၌ ပထမအဆင့်ဖြစ်ကြောင်း “ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်ပေါ်ရှိ ဂေဟဗေဒတိုးတက်မှု” ဆိုင်ရာ စက္ကူဖြူစာတမ်းကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့ လိုအပ်ချက်များကို ဖြည့်ဆီးရန် သိမ်းပိုက်ခံတိဗက်၏ သဘာဝပတ်ဝန်းကျင်ကို အမြတ်ထုတ်အသုံးချနေသောကြောင့် ဖြစ်ပေါ်တိုးတက်မှုများကို သတိထားစောင့်ကြည့်ရမည်ဖြစ်သည်။
တိဗက်ကုန်းပြင်မြင့်ကို တတိယဝင်ရိုးစွန်းဟု ခေါ်ဝေါ်ကြပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ရေခဲပြင်ကို ပိုင်ဆိုင်ထားသည်။
တိဗက် ရေခဲမြစ်များသည် ကမ္ဘာ့အကြီးဆုံးမြစ်များနှင့် တောင်အာရှနှင့်အရှေ့တောင်အာရှတစ်ခွင်ရှိ လူပေါင်း ၁ ဒသမ ၅ ဘီလီယံကျော်၏ သောက်သုံးရေအတွက် နေ့စဉ်မှီခိုနေရသောမြစ်များအတွက် ရေအရင်းအမြစ်များ ဖြစ်သည်။ သို့သော် တိဗက်သည် ကမ္ဘာ့အခြားနေရာများထက် ပူနွေးမှု ၃ ဆ မြန်ဆန်လာကာ ရေခဲမြစ်များ ပျောက်ကွယ်သွားသောကြာင့် နှစ်စဉ် ရေခဲတန်ချိန် ၈ ဘီလီယံခန့် ဆုံးရှုံးနေသည်။
တိဗက်တွင် တရုတ်က ဖော်ဆောင်နေသည့် စိမ်းလန်းရေးမူဝါဒသည် နိုင်ငံ၏ ကျောက်မီးသွေးအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကုန်းပြင်မြင့်ပေါ်တွင် ရေကာတာများစွာ တည်ဆောက်ခြင်း ဖြစ်သည်။ သို့သော် ဒေသခံတိဗက်လူမျိုးများသည် တရုတ်ကွန်မြူနစ်ပါတီ၏ စီမံကိန်းကြီးများအတွက် ၎င်းတို့၏ နေထိုင်ရာနေရာများ ထိပါးနှောက်ယှက်ခံရခြင်းနှင့် လူများ နေရာရွှေ့ပြောင်းပေးရခြင်းဖြင့် ပေးဆပ်နေရသည်။
ဥပမာအားဖြင့် ဂန်ဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် တည်ရှိသော လျန်ဂဲကိုးရေအားလျှပ်စစ်စက်ရုံသည် ကျောက်မီးသွေးကုန်ကြမ်းသုံးစွဲမှု တန်ချိန် ၁၃ ဒသမ ၃ သန်းနှင့် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၂၁ ဒသမ ၃ သန်း လျှော့ချနိုင်မည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာက ဆိုသည်။
သို့သော်  စိမ်းလန်းသောစွမ်းအင်ဆိုသည့် ခေါင်းစဉ်အောက်တွင် ခရိုင် ၄ ခုမှ လူပေါင်း ၆၀၀၀ ခန့်ကို နေရာရွှေ့ပြောင်းပေးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စီမံကိန်းပြီးပါက လျန်ဂဲကိုးဆည်ရေသည် ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့သောအိမ်များ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် အထွတ်အမြတ်ထားရာတောင်တန်းများကို ဖုံးလွှမ်းသွားနိုင်သည်ဟု ဆိုကြသည်။
တရုတ်နိုင်ငံသည် ကြီးမားကျယ်ပြန့်သော တိဗက်ဒေသများကို အမျိုးသားဥယျာဉ်များအဖြစ် ပြောင်းလဲရေး မူဝါဒကို ဖော်ဆောင်နေပြီး တိဗက်လူမျိုးများကို ဘိုးဘွားပိုင်မြေများမှ ဖယ်ရှားရန် အကြောင်းပြချက်အဖြစ် အသုံးပြုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly