အာဖဂန်ရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရန် တရုတ် စိတ်ဝင်စားနေ

By Tolo
07 January 2023
အာဖဂန်ရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရန် တရုတ် စိတ်ဝင်စားနေ

တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများသည် အာဖဂန်နစ္စတန်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း Da Afghanistan Breshna Sherkat (DABS) က ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု DABS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“DABS နှင့် တရုတ်နိုင်ငံ နည်းပညာဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များသည် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကိစ္စရပ်အားလုံးကို အစည်းအဝေးများတွင် ဆွေးနွေးမည်ဖြစ်ပြီး အစည်းအဝေးရလဒ်များကို အာဖဂန် ခေါင်းဆောင်များထံ ပေးပို့သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် စက်ရုံများက လျှပ်စစ်ဓာတ်အားမလုံလောက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ထပ်ခါတလဲလဲ ထုတ်ဖော်ပြောဆိုလာချိန်တွင် တရုတ်နှင့်အာဖဂန်အကြား ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဆွေးနွေးပွဲ လုပ်ဆောင်လာခြင်းဖြစ်သည်။
“လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုတွေသိသိသာသာ ကျဆင်းလာပါတယ်။ လူနေအိမ်တွေမှာ လျှပ်စစ်မီးလည်း ခဏခဏ ပြတ်တယ်” ဟု သံရည်ကျိုလုပ်ငန်းသမဂ္ဂ ဥက္ကဋ္ဌ အဗ္ဗဒူ နာဆီရာ ရစ်ရှ်တီယာက ပြောသည်။
ကဘူးလ်မြို့ခံများက ၁ ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီး ရရှိသည့်အတွက် အမျက်ဒေါသထွက်နေကြသည်။
“ဓာတ်အားမလုံလောက်မှု ပြဿနာက ကြီးမားပါတယ်။ လူတွေက အိမ်မှာ အနွေးဓာတ်ရအောင်လုပ်စရာ ဘာမှမရှိသလို လျှပ်စစ်မီးလည်း မရှိတဲ့အခါ ပိုပြီးဒုက္ခရောက်ကြတယ်။ ဖုန်းတွေတောင် သုံးလို့မရဘူး” ဟု ကဘူးလ်မြို့ခံ နာဝစ်က ပြောသည်။
အာဖဂန်နစ္စတန်သည် လျှပ်စစ်ဓာတ်အား ၁၆၀၀ မဂ္ဂါဝပ် လိုအပ်ပြီး ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းတွင် ထုတ်လုပ်ကာ ကျန်လျှပ်စစ်ဓာတ်အားကို ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် အီရန်အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းကြောင်း DABS ၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်စွမ်းအင်နှင့် ရေအရင်းအမြစ်ဆိုင်ရာ ယာယီဝန်ကြီး အဗ္ဗဒူလာတစ်ဖ် မန်ဆောသည် အမေရိကန်ဒေါ်လာ ၃၅ သန်းတန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ယခုသီတင်းပတ်အတွင်း ဥဇဘက်ကစ္စတန်သို့ သွားရောက်ခဲ့ပြီးနောက် အာဖဂန်နှင့်တရုတ်အကြား လျှပ်စစ်ဓာတ်အား ဆိုင်ရာအစည်းအဝေးပြုလုပ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly