အာဖဂန်အမျိုးသမီးများ အင်န်ဂျီအိုတွင် အလုပ်လုပ်မှုအပေါ်တားမြစ်ချက်အား ပယ်ဖျက်ရန် ကုလပညာရှင်များ တောင်းဆို 

By ANI
07 January 2023
အာဖဂန်အမျိုးသမီးများ အင်န်ဂျီအိုတွင် အလုပ်လုပ်မှုအပေါ်တားမြစ်ချက်အား ပယ်ဖျက်ရန် ကုလပညာရှင်များ တောင်းဆို 

အာဖဂန်နစ္စတန်ရှိ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များတွင် အမျိုးသမီးများအား အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်သော တာလီဘန်များ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော အမိန့်ညွှန်ကြားချက်ကို ချက်ချင်းရုပ်သိမ်းပေးရန် ကုလသမဂ္ဂ ကျွမ်းကျင်သူများက တောင်းဆိုလိုက်သည်။

အမျိုးသမီးများအား အလုပ်ခွင်မှ နှင်ထုတ်ခြင်း၊ အရေးပေါ်အကူအညီများ ပေးအပ်ခြင်းကို တားဆီးခြင်းနှင့် အင်န်ဂျီအိုများ၏ လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက်စေခြင်း စသည့် တစ်နိုင်ငံလုံးအပေါ် ဆိုးရွားစွာ ထိခိုက်စေမည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သော နိုင်ငံတကာအသိုင်းအဝိုင်း၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာလီဘန်တို့က အမျိုးသမီးများနှင့် မိန်းကလေးများကို တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂၄ ရက်တွင် ယာယီစီးပွားရေးဝန်ကြီးက နိုင်ငံတကာနှင့် ပြည်တွင်း အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်မလုပ်ရန် တားမြစ်သည့်စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းအတွက် အမျိုးသမီးများကို ပိတ်ပင်ခြင်းသည် အမျိုးသမီး အခွင့်အရေးကို နှစ်ဆတိုး ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
“အမျိုးသမီးတွေကို အင်န်ဂျီအိုတွေမှာ အလုပ်လုပ်မှုကိုပိတ်ပင်တာက အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေကို ဆုံးရှုံးစေရုံသာမကဘဲ လူမှုအသိုင်းအဝိုင်းကို ထောက်ပံ့မှုတွေကိုလည်း တားဆီးလိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို အလုပ်က ထုတ်ပယ်ပြီး လူ့အသိုင်းအဝိုင်းကနေ လုံးဝ ဖယ်ရှားတာတွေ လုပ်လိမ့်မယ်” ဟု ကျွမ်းကျင်သူများက ဆိုသည်။ 
အဆိုပါ ပိတ်ပင်မှုသည် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ဘေးဖယ်ခံထားရသည့်အုပ်စုများအတွက် ဝန်ဆောင်မှုနှင့်ပံ့ပိုးမှုများ ပေးနေသည့် ပြည်တွင်း အင်န်ဂျီအိုများ အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်သည့် အင်န်ဂျီအိုများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂပညာရှင်များက ပြောသည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေမဲ့သည့် ဆုံးဖြတ်ချက်ကြောင့် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း အများအပြားကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီများက ပြောသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမျိုးသမီးဝန်ထမ်းများမရှိလျှင် အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောက်ျားလေးများသည် အစားအသောက်၊ ပညာရေး၊ ကလေးသူငယ် ကာကွယ်ရေး၊ အမျိုးသမီးများအတွက် ဥပဒေအကူအညီ၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့မှုနှင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ရရှိနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်တွင် နိုင်ငံတကာအကူအညီ အများအပြားကို အဓိကပေးနေသည့် ပြည်တွင်းပြည်ပ အင်န်ဂျီအိုများက အမျိုးသမီးဝန်ထမ်းများကို အလုပ်ပိုမိုခန့်အပ်ခြင်းအပါအဝင် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ စတင်ကာ လုပ်ငန်းများကို တိုးချဲ့ခဲ့သည်။ ထိုအင်န်ဂျီအိုများသည် တာလီဘန်တို့၏ အလွန်အန္တရာယ်များပြီး တဘက်စောင်းနင်းနိုင်သောစီမံချက်၏ ပစ်မှတ်ဖြစ်သည်။
တာလီဘန်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အချို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အင်န်ဂျီအိုများက  ၎င်းတို့ဝန်ဆောင်မှုများသည်  အမျိုးသမီးဝန်ထမ်းများပေါ်တွင် မှီခိုနေရသောကြောင့်လည်းကောင်း လူ့အခွင့်အရေးမူအရ  ၎င်းတို့အားယုံကြည်လုပ်ကိုင်နေသည့် ဝန်ထမ်းဆိုင်ရာ ကျား/မ ပါဝင်အချိုးအစားကို လက်မခံနိုင်သောကြောင့်လည်းကောင်း လုပ်ငန်းလည်ပတ်မှု ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း ပြောသည်။
ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ အင်န်ဂျီအိုများတွင် အမျိုးသမီးများအလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုအား ချက်ခြင်း ရုပ်သိမ်းပေးရန် အာဏာပိုင်များကို တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly