အာဖဂန်ပြည်သူ သန်း ၂၀ ခန့် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရနိုင်

By Business Standard
07 January 2023
အာဖဂန်ပြည်သူ သန်း ၂၀ ခန့် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရနိုင်

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ၏ အစီရင်ခံစာတွင် လာမည့်နှစ်အတွက် အာဖဂန်နစ္စတန်၏ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို အလေးထား ဖော်ပြထားပြီး ၂၀၂၃ ခုနှစ် မတ်လကုန်တွင် လူသန်း ၂၀ ခန့် ငတ်မွတ်ခေါင်းပါးမှုကို ဆိုးရွားစွာ ကြုံတွေ့ရနိုင်ခြေရှိကြောင်း TOLO သတင်းတွင် ဖော်ပြထားသည်။ 

ကလေးသူငယ်နှင့် အမျိုးသမီး ၄ သန်းသည် အာဟာရချို့တဲ့မှုကို ဆိုးရွားစွာ ကြုံတွေ့ရကာ အာဟာရချို့တဲ့မှုနှုန်းမှာ လွန်စွာမြင့်မားနေဦးမည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
"ယိုယွင်းလာသော စီးပွားရေးကြောင့် ဝင်ငွေ သိသိသာသာ ကျဆင်းကာ အကြွေးများ တက်လာပြီး အလုပ်လက်မဲ့နှုန်း တိုးလာခဲ့သည်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လူများသည် မိမိတို့ ဝင်ငွေ၏ ၇၁ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေကြရသည်" ဟု အစီရင်ခံစာကိုကိုးကားပြီး TOLO သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ဆောင်းရာသီရောက်လာသောကြောင့် အာဖဂန်ပြည်သူများသည် ၎င်းတို့၏ ဆိုးရွားလာသော အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မကြာခဏထုတ်ဖော်ပြောဆိုလာကြသည်။
အာဖဂန်နစ္စတန်သည် လက်ရှိတွင် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ရင်ဆိုင်နေရသလို ယခုအခါ ကမ္ဘာပေါ်တွင် အရေးပေါ် စားနပ်ရိက္ခာမလုံလောက်သည့် လူဦးရေ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး လူပေါင်း ၂၃ သန်းကျော်သည် အကူအညီ လိုအပ်နေကာ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်က အစာရေစာ လုံလုံလောက်လောက် မစားရကြောင်း နိုင်ငံတကာ လေ့လာဆန်းစစ်ချက်များတွင် ဖော်ပြထားသည်။
ထို့ပြင် ယမန်နှစ်သြဂုတ်လတွင် အာဖဂန်နစ္စတန်အစိုးရ ပြုတ်ကျကာ တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်ပိုင်း  အာဖဂန်နစ္စတန်တွင် လူ့အခွင့်အရေး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။
နိုင်ငံအတွင်း တိုက်ပွဲများ ပြီးဆုံးသွားသော်လည်း အထူးသဖြင့် အမျိုးသမီးများနှင့် လူနည်းစုများအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ဖြစ်နေဆဲဖြစ်သည်။
ထို့ကြောင့် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ခွဲခြားဆက်ဆံမှုမခံရရေး၊ ပညာရေး၊ အလုပ်အကိုင်၊ ရပ်ရွာလူထုအတွင်း ပါဝင်လှုပ်ရှားနိုင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအခွင့်အရေးများ မရရှိဘဲ လူအခွင့်အရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required