အာဖဂန်ဒုက္ခသည်အများအပြား ပါကစ္စတန်တွင် ထိန်းသိမ်းခံထားရ

By Khaama
07 January 2023
အာဖဂန်ဒုက္ခသည်အများအပြား ပါကစ္စတန်တွင် ထိန်းသိမ်းခံထားရ

ပါကစ္စတန်နိုင်ငံ ရာဝယ်ပင်ဒီမြို့၌ အထူးစစ်ဆင်ရေးတစ်ခုအတွင်း အာဖဂန်ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများထွက်ပေါ်နေသည်။ 

ပါကစ္စတန်တစ်ဝန်း အထူးသဖြင့် ကရာချိမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အာဖဂန်ရွှေ့ပြောင်းများကို ဖမ်းဆီးထိန်းသိမ်းမှု သိသိသာသာ တိုးလာကာ ပြည်တွင်းနှင့် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ဖမ်းဆီးထိန်းသိမ်းသည့်သတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
အာဖဂန်အမျိုးသမီးနှင့် အသက်မပြည့်သေးသည့် ကလေး ၂၀၀ ကျော်ကို ကရာချိဗဟိုအချုပ်ထောင်တွင် အကျဉ်းချထားသည်မှာ ၂ လနီးပါး ရှိပြီဖြစ်သည်။ ပါကစ္စတန်တွင် တရားမဝင်နေထိုင်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဒေသတွင်းရဲများကမူ အဆိုပါအမျိုးသမီးနှင့် ကလေးများအား လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူအချို့က ထုတ်ဖော်ပြောကြားခဲ့သည်။
ပါကစ္စတန်တွင် ဆိုးရွားလာသော လုံခြုံရေးအခြေအနေများနှင့် တာလီဘန်အစိုးရနှင့် ပါကစ္စတန်တို့အကြား နယ်စပ်ပြဿနာကြောင့် တင်းမာမှုများ ကြီးထွားလာခြင်းသည် အာဖဂန်ဒုက္ခသည်များအတွက် ပိုမိုရှုပ်ထွေးစေသော ကိစ္စရပ်များဖြစ်သည်။ အာဖဂန်နစ္စတန်များအားအကျဉ်းချမှုသည် ပါကစ္စတန်အတွက် ထူးဆန်းသည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။
သို့သော် အာဖဂန်တွင် တာလီဘန်များ အာဏာပြန်ရလာချိန်မှစ၍ ပါကစ္စတန်တို့၏ ဖမ်းဆီးထိန်းသိမ်းမှု အကြိမ်ရေ သိသိသာသာ မြင့်တက်လာခဲ့သည်။ အမျိုးသမီးများနှင့် ကလေးငယ်များပင်လျှင် အဓမ္မပြုခြိမ်းခြောက်မှုများ၊ လူမဆန်သော အခြေအနေများနှင့် မတရားမှုများကို ကြုံတွေ့နေရသည်။
ပါကစ္စတန်ရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NCHR) ကဲ့သို့ ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့များက အာဖဂန်ဒုက္ခသည်များဆိုင်ရာ ပြဿနာများကို အလေးထားပြောဆိုနေကြသော်လည်း ပြည်နယ်အစိုးရများနှင့် လုံခြုံရေးအဖွဲ့များက ၎င်းတို့၏ တောင်းဆိုမှုများကို မသိကျိုးကျွံပြုထားကြသည်။
ပါကစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ပါကစ္စတန်အကျဉ်းထောင်များရှိ အာဖဂန် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ကြုံနေရသည့် လူမဆန်သော အခြေအနေများနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အာဖဂန်ဒုက္ခသည်များအား ဖမ်းဆီးခြင်းကို ရပ်တန့်ရန် UNHCR က ပါကစ္စတန်ရဲတပ်ဖွဲ့အား တိုက်တွန်းခဲ့သော်လည်း အာဖဂန်နိုင်ငံသားများ၏ အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly