ဟောင်ကောင်နှင့်တရုတ်မှ ဆိုက်ရောက်ခရီးသည်များကို အမေရိကန်က ကိုဗစ်စစ်ဆေးမည် 

By Business-Standard    
07 January 2023
ဟောင်ကောင်နှင့်တရုတ်မှ ဆိုက်ရောက်ခရီးသည်များကို အမေရိကန်က ကိုဗစ်စစ်ဆေးမည် 

တရုတ်တွင် ကိုဗစ်-၁၉ကူးစက်မှု စံချိန်တင် မြင့်တက်နေချိန်တွင် အမေရိကန်က တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ဆိုက်ရောက်ခရီးသည်များအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC)က ကြေညာချက်ထုတ်ပြန်လိုက်သည်။

"ကူးစက်ရောဂါနှင့် ဗိုင်းရပ်မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကို တရုတ်က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိခြင်းကြောင့် တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေချိန်တွင် အမေရိကန်၌ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို နှေးကွေးစေရေးအတွက် ဆိုက်ရောက်သူများအား ရောဂါစစ်ဆေးရန် CDC က ကြေညာလိုက်သည် " ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတကာခရီးသွားများအနေဖြင့် ဇန်နဝါရီ ၅ ရက်မှစတင်၍ အမေရိကန်သို့ မဝင်ရောက်မီ ကိုဗစ်-၁၉ စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း CDC က ပြောကြားခဲ့သည်။
တရုတ်တွင် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းသည် ၁ ရက်လျှင် လူ ၉ ဝဝဝ အထိ တိုးလာကြောင်း အချက် အလက်ကုမ္ပဏီတစ်ခုဖြစ်သည့် သြစတြေးလျအခြေစိုက် news.com.au တွင် ဖော်ပြခဲ့သည်။
တရုတ်တွင် ဗိုင်းရပ်စ် ကူးစက်မှုများပြားလာသည်နှင့်အမျှ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ၂ ဆတိုးလာမည်ဟု ဗြိတိန်အခြေစိုက် သုတေသနကုမ္ပဏီ Airfinity က ခန့်မှန်းထားကြောင်း news.com.au ဝက်ဘက်ဆိုက်တွင်ဖော်ပြထားသည်။ ။ နှစ်အတန်ကြာ ကျင့်သုံးခဲ့သည့် တင်းကျပ်လွန်းသည့် ကိုဗစ်လုံးဝကင်းစင်ရေး အစီအမံများကို နိုဝင်ဘာလတွင် ရုပ်သိမ်းပြီးနောက် ကူးစက်မှုမြင့်တက်လာခဲ့သည်။
တရုတ်မှ မီလန်မြို့သို့ လေယာဉ် ၂ စင်းဖြင့် ရောက်ရှိလာသည့် ခရီးသည် ထက်ဝက်နီးပါးမှာ ဗိုင်းရပ်စ်ကူးစက်ခံ ထားရကြောင်း အီတလီတာဝန်ရှိသူများက ဒီဇင်ဘာ ၂၈ ရက်က စစ်ဆေးတွေ့ရှိခဲ့သည်။
အမေရိကန်က ယင်းကဲ့သို့ ကြေညာရသည့် အကြောင်းရင်းကို နားလည်သော်လည်း ရေရှည်အတွက် အဖြေ မဟုတ်ကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက ABC News သို့ ပြောကြားခဲ့သည်။
တရုတ်သည် မျိုးကွဲအသစ်များဆိုင်ရာ အထောက်အထားတစ်စုံတစ်ရာကို အစီရင်ခံခြင်းမရှိသလို ကူးစက်သူ အရေအတွက်၊ ဆေးရုံတက်ကုသသူဦးရေနှင့် သေဆုံးမှုတို့နှင့် ပတ်သက်ပြီး သတင်းထိမ်ချန်ထားကြောင်း စွပ်စွဲခံထား ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly