တရုတ်ကိုလေ့ကျင့်ပေးမှုအတွက် အမှုရင်ဆိုင်နေရသည့် အမေရိကန်လေယာဉ်မှူးဟောင်းကို သြစတြေးလျက လွှဲပြောင်းပေး 

By Aljazeera
07 January 2023
တရုတ်ကိုလေ့ကျင့်ပေးမှုအတွက် အမှုရင်ဆိုင်နေရသည့် အမေရိကန်လေယာဉ်မှူးဟောင်းကို သြစတြေးလျက လွှဲပြောင်းပေး 

တရုတ်လေယာဉ်မှူးများကို လေ့ကျင့်ပေးခြင်းကြောင့် အမေရိကန်၏ လက်နက်ထိန်းချုပ်ရေးဥပဒေများကို ချိုးဖောက်မှုစွဲချက်များနှင့် ရင်ဆိုင်နေရသည့် အမေရိကန်မရိန်းတပ်ဖွဲ့မှ တိုက်လေယာဉ်မှူးဟောင်းတစ်ဦးအား အမေရိကန်သို့ လွှဲပြောင်းပေးရေး တောင်းဆိုချက်ကို သြစတြေးလျရှေ့နေချုပ်ရုံးက အတည်ပြုလိုက်သည်။

သြစတြေးလျတွင် အောက်တိုဘာလက ဖမ်းဆီးခံခဲ့ရသည့် အသက် ၅၄ နှစ်အရွယ် ဒယ်နီရယ် ဒက်ဂန်သည် တရုတ်သို့ ကာကွယ်ရေးဆိုင်ရာဝန်ဆောင်မှုများပေးရန် ငွေကြေးခဝါချမှုနှင့် ပူးပေါင်းကြံစည်မှု၊ တရုတ်လေယာဉ်မှူးများကို လေယာဉ်တင်သင်္ဘောများပေါ်သို့ ဆင်းသက်ခြင်းအား သင်တန်းပေးမှုဖြင့် ၂၀၁၇ ခုနှစ်က စွဲချက်တင်ခံထားရကြောင်း အမေရိကန်တရားရုံးက ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောဆိုလာသည်။  
ဩစတြးလျသည် ဒက်ဂန်အား အမေရိကန်သို့ လွှဲပြောင်းပေးရေး တောင်းဆိုမှုကို ဒီဇင်ဘာ ၉ ရက်က လက်ခံရရှိခဲ့ကြောင်း ရှေ့နေချုပ်ရုံးက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားခဲ့ပြီး ယင်းတောင်းဆိုချက်ကို တရားဝင်လက်ခံသင့် မသင့်ကို ဒီဇင်ဘာ ၂၅ ရက်တွင် ဆုံးဖြတ်ချက်ချခဲ့ရသည်။
“ရှေ့နေချုပ်က ယင်းတောင်းဆိုချက်ကို လိုက်လျောခဲ့ပြီး ဒက်ဂန်၏ ရှေ့နေအား ယင်းဆုံးဖြတ်ချက်ကို အကြောင်းကြားခဲ့သည်” ဟု ဌာနက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
သြစတြေးလျ၏ ၁၉၈၈ ခုနှစ် တရားခံလွှဲပြောင်းရေးအက်ဥပဒေအရ ဒက်ဂန်သည် အမေရိကန်သို့ လွှဲပြောင်းပေးနိုင်သောပုဂ္ဂိုလ်အဖြစ် ရှေ့နေချုပ်က ထင်မြင်ယူဆကြောင်း ယင်းလွှဲပြောင်းမှုက ပြသနေသည်။
ဒက်ဂန်သည် အမေရိကန်နိုင်ငံသားဖြစ်စဉ်က တောင်အာဖရိကလေယာဉ်သင်တန်းကျောင်းတွင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း တရုတ်စစ်လေယာဉ်မှူးများကို ၃ ကြိမ်တိုင်တိုင် စစ်ရေးသင်တန်းပေးခဲ့ကြောင်း ၂၀၁၇ခုနှစ် စွဲချက်တွင် ဖော်ပြထားသည်။
စွဲချက်များ၌ တရုတ်တွင် လေကြောင်းသင်တန်းပေးခြင်း၊ တရုတ်စစ်ဘက် လေယာဉ်မှူးသင်တန်းသားများအား အကဲဖြတ်ပေးခြင်းနှင့် လေယာဉ်တင်သင်္ဘောများပေါ်သို့ ဆင်းသက်ခြင်းဆိုင်ရာ ညွှန်ကြားချက်ပေးခြင်းများ ပါဝင်သည်။
ဒက်ဂန်သည် တရုတ်သို့ ကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်မှု၊ ငွေကြေးခဝါချရန် ကြံစည်မှုနှင့် ထိန်းချုပ်ရေးအက်ဥပဒေများကို ချိုးဖောက်ခြင်းအပါအဝင် အမေရိကန်တွင် စွဲချက် ၄ ခုနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly