တရုတ်ယိမ်းနီပေါအစိုးရသစ်လက်ထက်တွင် တိဗက်ဒုက္ခသည်များအပေါ် ကန့်သတ်ချက်များ ဆက်ရှိနိုင်

By RFA
07 January 2023
တရုတ်ယိမ်းနီပေါအစိုးရသစ်လက်ထက်တွင် တိဗက်ဒုက္ခသည်များအပေါ် ကန့်သတ်ချက်များ ဆက်ရှိနိုင်

တရုတ်နှင့် နီးစပ်သည့် မော်ဝါဒီပြောက်ကျားခေါင်းဆောင်ဟောင်းဖြစ်သည့် နီပေါဝန်ကြီးချုပ်သစ်လက်ထက်၌ နီပေါတွင် ဒုက္ခသည်များအဖြစ်နေထိုင်သည့် တိဗက်များ၏ လှုပ်ရှားမှုများနှင့် နိုင်ငံရေးဆောင်ရွက်ချက်များအပေါ် ကန့်သတ်မှုများ ဆက်လုပ်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများ ပြောကြားလိုက်သည်။

အိန္ဒိယ၊ တရုတ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဟိမဝန္တာဒေသနိုင်ငံဖြစ်သည့် နီပေါတွင် ပရာချန်ဒါ ခေါ် ကာမယ်ဒါဟယ်လ်သည် အခြားနိုင်ငံရေးပါတီများနှင့် သဘောတူညီမှုအရ နီပေါအစိုးရသစ်၏ အကြီးအကဲအဖြစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
လူပေါင်း ၁၇ ၀ဝဝ ကျော် သေဆုံးစေခဲ့သော ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သည့် ၁၀ နှစ်ကြာ ပြောက်ကျားတိုက်ခိုက် မှု၏ ခေါင်းဆောင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ် ပရာချန်ဒါသည် နီပေါကွန်ဂရက်ပါတီတွင် ရှာဘာဟာဒါဒူဘာ၏ နေရာကို ဝင်ယူပြီး ခေါင်းဆောင်ဖြစ်လာခဲ့သည်။
အနည်းဆုံး ၂၀၂၅ ခုနှစ်အထိ အာဏာဆက်ရှိနေမည့် နီပေါအစိုးရသစ်လက်ထက်တွင် တိဗက်မှထွက်ပြေးကာ နီပေါတွင် ဒုက္ခသည်များအဖြစ် နေထိုင်သည့် တိဗက်လူမျိုးများ၏ အဆင့်အတန်းနှင့် အခွင့်အရေးများ တိုးတက်မှုအနည်းငယ်သာရရှိလိမ့်မည်ဟု လေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဒီဇင်ဘာ ၂၈ ရက်တွင် Radio Free Asia သို့ ပြောကြားခဲ့သည်။
“နီပေါနဲ့ တရုတ် ဆက်ဆံရေးမှာ မလွဲဧကန်လိုက်နာရမယ့် အချက် ၂ ခုရှိတယ်။ ပထမအချက်က နီပေါက တရုတ်ကို လိုက်လျောရတဲ့ နီပေါရဲ့ တရုတ်တစ်နိုင်ငံမူဝါဒဖြစ်ပါတယ်” 
“နိုင်ငံရေးပါတီတိုင်းနဲ့ အာဏာရခေါင်းဆောင်တိုင်းက ဒီမူဝါဒကို လိုက်နာရပါတယ်” ဟု တိဗက်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း တရုတ်၏ ပြောကြားချက်ကို ကိုးကား၍ နီပေါနိုင်ငံခြားရေးမူဝါဒ သုတေသနအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်သူနှင့် ပူးတွဲတည်ထောင်သူ ရှာမာက ပြောကြားခဲ့သည်။
တိဗက်ဒုက္ခသည်များကို အထောက်အထားကတ်ပြားထုတ်ပေးရန်နှင့် တခြားအခွင့်အရေးများပေးရန်  အမေရိကန်နှင့် တခြားအနောက်နိုင်ငံများက နီပေါကို တိုက်တွန်းထားကြောင်း ရှာမာက ပြောကြားခဲ့သည်။
“အနောက်တိုင်းကို လိုလားတဲ့ ဒူဘာထက် လက်ရှိဝန်ကြီးချုပ်ပရာချန်ဒါ လက်ထက်မှာ ဒီကိစ္စ ဖြစ်မြောက်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု ရှာမာက ဆိုသည်။
နီပေါသည် ၁၉၅၁ ခုနှစ်ကတည်းက တရုတ်ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် တိဗက်မှ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသော တိဗက်လူမျိုးများအား ဒုက္ခသည်ကဒ်များထုတ်ပေးခြင်းကို ၁၉၉၅ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly