ဂျပန်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ် ကန့်ကွက် 

By ANI 
06 January 2023
ဂျပန်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ် ကန့်ကွက် 

တရုတ်က ပိုင်နက်အဖြစ် ကြေညာထားသည့် ထိုင်ဝမ်သို့ ဂျပန်လွှတ်တော်အမတ်များ၏ ခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၂၈ရက်တွင်ထုတ်ပြန်လိုက်သည်။

“ဂျပန်နိုင်ငံရေးသမားအချို့က ကိုယ်ကျိုးကြည့်တဲ့ နိုင်ငံရေးအကျိုးအမြတ်ရဖို့ နိုင်ငံရေးအကွက်တွေ  ထပ်ခါတလဲလဲထွင်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေကို အားပေးအားမြှောက်ပြုဖို့ တရုတ်ရဲ့ ထိုင်ဝမ်ဒေသကို ရန်စတဲ့အနေနဲ့ သွားရောက်ခဲ့ပါတယ်။ တရုတ်အနေနဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ဂျပန်ကို ရှုတ်ချပါတယ် "ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ဝက်ဘ်ဆိုဒ်တွင် ကိုးကားဖော်ပြထားသည်။
အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် စဲကိုဟီရိုရှီဂီဦးဆောင်သော ဂျပန်ပါလီမန်အထက်လွှတ် တော်ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုပစိဖိတ်ဒေသတည်ငြိမ်ရေးကို ဆွေးနွေးရန်  ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူတို့နှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်း စိန်ခေါ်မှုများအကြောင်း ပြောဆိုခဲ့ကြသည်။
"အထက်လွှတ်တော် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူး ဟီရိုရှီဂီနှင့် ကောင်စီဝင်များအား ထိုင်ဝမ်က ကြိုဆိုပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ထိုင်ဝမ်ကို ဆက်လက် အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါသည်။
“ထိုင်ဝမ်က ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် ပြုလုပ်ကြပါစို့” ဟု ထိုင်ဝမ်သမ္မတက တွစ်တာတွင် ရေးသားခဲ့သည်။
တရုတ်ပြည်မကြီးနှင့် ဆယ်စုနှစ်များစွာ တသီးတခြား  ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည့် ထိုင်ဝမ်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာမှုများသည် သြဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ပြီးနောက် ပိုဆိုးလာခဲ့သည်။
တရုတ်က တရုတ်တစ်နိုင်ငံမူဝါဒကို လိုက်နာရန် အနောက်အင်အားကြီးနိုင်ငံများအား သတိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required