စစ်ရေးအရှိန်မြှင့်ရန်နှင့် တပ်ရင်းများတိုးချဲ့စုဖွဲ့ရန် NUG နှင့် တွေ့ဆုံဆွေးနွေးခဲ့ဟု MDY PDF ဆို 

By 007 (မဇ္ဈိမ)
05 January 2023
စစ်ရေးအရှိန်မြှင့်ရန်နှင့် တပ်ရင်းများတိုးချဲ့စုဖွဲ့ရန် NUG နှင့် တွေ့ဆုံဆွေးနွေးခဲ့ဟု MDY PDF ဆို 

မဇ္ဈိမ။    ။ ၂၀၂၃ ခုနှစ်တွင် စစ်ရေးအရှိန်မြှင့်သွားရန်ကိစ္စအတွက်၊ NUG ၏ ကာကွယ်ရေး၀န်ကြီးဌာနတာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ Mandalay People’s Defence Force-MDY PDF  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ သတင်းထုတ်ပြန်သည်။ 

၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့်၊ စစ်ရေးဆိုင်ရာကိစ္စရပ်များကို ဆုံးဖြတ်အတည် ပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

“အဓိကက ၂၀၂၂ မှာ MDY PDF အနေနဲ့လှုပ်ရှားခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ရယ်၊ စာရင်းအနှစ်ချုပ်ပေါ့နော်၊ ၂၀၂၃ မှာ စစ်ရေးအရှိန်မြှင့်သွားမယ်ဆိုတဲ့အကြောင်း၊ အဲဒါတွေ ဆွေးနွေးခဲ့တာပါ” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက မဇ္စျိမသို့ပြောသည်။ 

ယနေ့ ဇန်နဝါရီ ၅ ရက်တွင်၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကာကွယ်ရေး၀န်ကြီးဌာနတာ၀န်ရှိသူများနှင့်၊ MDY PDF တပ်ရင်းအမှတ် (၁၂၀၁)၊ (၁၂၀၂)၊ (၁၂၀၃)၊ (၁၂၀၄)၊ (၁၂၀၅)တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။ 

MDY PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး၊ လက်ရှိတွင် တပ်ရင်း ငါးရင်းဖြင့် စုဖွဲ့ထားရှိကြောင်း၊ ဆက်လက်၍ တပ်ရင်းအသစ်များတိုးချဲ့စုဖွဲ့ရန် အတွက်လည်းပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ 

MDY-PDF သည် ယမန်နှစ် နှစ်လယ်ပိုင်းမှ နှစ်ကုန်ပိုင်းအတွင်း၊ ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများအကြိမ်ကြိမ်ဆင်နွှဲခဲ့ဖူးပြီး၊ ၎င်းတို့လက်ချက်ဖြင့် ရာနှင့်ချီသည့်စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#စီမံချက်
#စစ်ကောင်စီတပ်သားများ
#NUG
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required