ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရိက္ခာတင်မော်တော် တိုက်ခိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
05 January 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရိက္ခာတင်မော်တော် တိုက်ခိုက်ခံရ

မဇ္စျိမ ။။ မုံရွာမြို့နယ် ၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်ဆင်းလာသော စစ်ကောင်စီ မော်တော်တစ်စီးကို တစ်ဖက်ပွင့်ပြောင်းတိုက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်းမှ ဇန်နဝါရီလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၃ရက် နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် အလုံမင်းဒေါင့် ဆိပ်ကမ်းမှ အမြင့်မြို့ဟောင်းသို့ လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသော မော်တော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ပထမ ပွိုင့်ကတော့ မထိဘူး ၊ ဒုတိယပွိုင့်မှာ ကောင်းကောင်းထိခိုက်သွားတယ်” ဟု မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း တာဝန်ခံ ကိုအောင်ဇေ က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ခန့် လိုက်ပါလာသော မော်တော်ကို ချင်းတွင်း မြစ်ကမ်းဘေးမှ မဟာမိတ်တပ်ဖွဲ့နှင့်အတူ ပွိုင့်နှစ်နေရာခွဲပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့များမှ ရမ်းသန်း၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း နှင့်အတူ မုံရွာခရိုင် တပ်ရင်း(၉) နှင့်အတူ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းတွင်းမြစ်ရေနည်းသွားပြီး ရေကြောင်းမှာ ကျဉ်းမြောင်းလျက်ရှိ၍ ယင်း ရေကြောင်းလမ်းကို RPG ကဲ့သို့ လက်နက်များပိုင်ဆိုင်ပါက ကောင်းမွန်စွာ ထိန်းချုပ်ဖြတ်တောက်ထားနိုင်ကြောင်းနှင့် ၎င်းတို့တွင်လက်နက်ခဲယမ်းပြည့်စုံခြင်းမရှိကြောင်း ကိုအောင်ဇေမှ ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ရက် ၂၀၂၂ ခုနှစ် ညနေ ၅နာရီတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် စစ်ကောင်စီတပ်၏ လက်အောက်ခံ ကံကြီးကုန်း ပျူစောထီးရွာကို မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီးအများအပြားကို သုတ်သင်နိုင်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#မုံရွာမြို့နယ်
#ပျူစောထီး
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required