တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်းက အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်း

By ANI  
05 January 2023
တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်းက အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်း

ကျင်ဂန်းက အိန္ဒိယ-တရုတ် နယ်စပ်ရေးရာကိစ္စများကို ရည်ညွှန်းသည့် ‘ကမ္ဘာကြီးအပေါ် တရုတ်၏အမြင်’ ဆိုသည့် ဆောင်းပါးတွင် “နှစ်ဖက်စလုံးက အခြေအနေကို ဖြေလျှော့ဖို့နဲ့ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးကို ပူးပေါင်းကာကွယ်ဖို့ ဆန္ဒရှိနေကြပါတယ်” ဟု ဝမ်ယိ၏ နေရာကို အစားထိုးမယူမီ ရက်ပိုင်းအလို၌ ရေးသားခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ဒီဇင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံဘက်ခြမ်းရှိ ချူရှူး-မိုဒို နယ်စပ်၌ ၁၇ ကြိမ်မြောက် တပ်မတပ်မှူးအဆင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အနောက်ဘက်ခြမ်းတွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် သဘောတူခဲ့သည်။
“ကြားကာလမှာ အနောက်ဘက်ခြမ်း မြေပြင်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ နှစ်ဖက်သဘောတူခဲ့ပါတယ်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဘက်စလုံးသည် အနီးကပ် ထိတွေ့ဆက်ဆံရန် သဘောတူပြီး စစ်ရေးနှင့် သံတမန်ရေး လမ်းကြောင်းများမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ထားရှိကာ ကျန်ရှိသည့် ကိစ္စရပ်များအတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်မည့် ဖြေရှင်းမှုများကို ဆောလျင်စွာ လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ငြိမ်းချမ်းရေးအတွက် ပိုမိုခိုင်မာအားကောင်းလာတဲ့သဘောဖြစ်ပြီး တချို့တွေပြောသလို လက်ရှိအနေအထားကို ချိုးဖျက်ဖို့ အင်အားကြီးထွားလာတာ မဟုတ်ပါဘူး။ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုဟာ တရုတ်ပြည်မကြီးက လက်ရှိအနေအထားကို ဖျက်ဆီးပြီး ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေနဲ့ ပြင်ပအင်အားစုတွေက တရုတ်တစ်နိုင်ငံတည်းမူဝါဒရဲ့ လက်ရှိအနေအထားကို အဆက်မပြတ်စိန်ခေါ်နေလို့ ဖြစ်ပေါ်လာရတာပါ” ဟု ကျင်ဂန်းက ရေးသားထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် အစောပိုင်းက ကျင်ဂန်းနှင့် ဖုန်းပြောဆိုရာ၌ အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများဖွင့်ထားရေးတို့ကို ဆွေးနွေးခဲ့သည်။
တရုတ်အစိုးရသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ကျင်ဂန်းကို  နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ခန့်အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly