အာဖဂန်အမျိုးသမီးများအတွက် အဆင့်မြင့်ပညာရေးကို တာလီဘန်တို့က ဆိုင်းငံ့ထားခြင်းကြောင့် ပညာရေးအဖွဲ့အစည်းများ စီးပွားရေးကျဆင်း

By Jio News
05 January 2023
အာဖဂန်အမျိုးသမီးများအတွက် အဆင့်မြင့်ပညာရေးကို တာလီဘန်တို့က ဆိုင်းငံ့ထားခြင်းကြောင့် ပညာရေးအဖွဲ့အစည်းများ စီးပွားရေးကျဆင်း

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က အမျိုးသမီးများတက္ကသိုလ်တက်ခွင့်ကို ရပ်ဆိုင်းလိုက်ပြီးနောက် နိုင်ငံအတွင်းရှိ ပညာရေးအဖွဲ့အစည်းများသည် စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရကာ လုပ်ငန်းလည်ပတ်နေသော ပုဂ္ဂလိက တက္ကသိုလ် ၁၄၀ အနက်မှ ၃၅ ခုထက်မနည်းသည် ပြိုလဲမည့်အခြေအနေရှိကြောင်း Tolo သတင်းတွင် ဖော်ပြထားသည်။
အာဖဂန်ကျောင်းသူများကို ကျောင်းအပ်နှံခွင့်မပြုပါက အခြားအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများသည် ငွေကြေးအခက်အခဲကြောင့် ပိတ်ပစ်ရလိမ့်မည်ဟု တက္ကသိုလ်ပိုင်ရှင်အချို့က သတိပေးထားသည်။
“စီးပွားရေး စိန်ခေါ်မှုတွေက သိသိသာသာ များပြားလာပါတယ်။ အခု အင်တာဗျူးနေတဲ့အချိန်မှာပဲ တက္ကသိုလ် ၃၀ ကနေ ၃၅ ခုက စီးပွားရေးပြဿနာကြီးတွေကို ရင်ဆိုင်နေရတယ်” ဟု ပညာရေးသမဂ္ဂမှ မီဒီယာတာဝန်ခံ မိုဟာမက် ကာရင်နာဆီရီကပြောသည်။
တာလီဘန်အာဏာပိုင်များသည် အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့်ကိုတားမြစ်သည့်အမိန့်ကို ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တာလီဘန်က အမျိုးသမီးများအတွက် တက္ကသိုလ်ပညာရေးနှင့် မိန်းကလေးငယ်များအတွက် အလယ်တန်းပညာရေးကို နောက်ထပ်သတိပေးချက်မထုတ်ပြန်မချင်း ဆိုင်းငံ့ကြောင်း ကြေညာပြီးနောက် အင်န်ဂျီအိုတွင်အလုပ်လုပ်ခွင့်ကို ထပ်မံတားမြစ်လာခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်အစိုးရလက်ထက်၌ အမျိုးသမီးများကို တက္ကသိုလ်တက်ရောက်ခွင့်မပြုပေ။  Dawat တက္ကသိုလ်၏ ဒုတိယအကြီးအကဲ အန်နာယာတူလာ ခါလီ ဟာဒက်က “တက္ကသိုလ်တွေ ယာယီပိတ်ထားတာကို ကျွန်တော်တို့ တွေ့ရပေမဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ပြီး ကျောင်းသားတွေ သူတို့ရဲ့ ပညာသင်ယူမှုကို ပြန်စမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအတွက် အဆင့်မြင့်ပညာရေးသင်ကြားမှုအပေါ် တာလီဘန်များ၏ ပိတ်ပင်မှုကို တစ်ကမ္ဘာလုံးက ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက တာလီဘန်အဖွဲ့အနေဖြင့် အဖွဲ့အစည်းများ၌ အမျိုးမျိုးသော လစ်လပ်နေရာများတွင် အမျိုးသမီးများကို အလုပ်လုပ်ခွင့်ပြုရေးအတွက် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly