အာဖဂန်နစ္စတန် မီဒီယာများ  ၂၀၂၂ ခုနှစ်အတွင်း  ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ

By ANI
05 January 2023
အာဖဂန်နစ္စတန် မီဒီယာများ  ၂၀၂၂ ခုနှစ်အတွင်း  ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ

အာဖဂန်နစ္စတန်ရှိ ပြည်တွင်း မီဒီယာအများအပြားသည် ၂၀၂၂ ခုနှစ်တွင် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကဘူးလ်မြို့နှင့် ပြည်နယ်များတွင် မီဒီယာ ၁၀ ခုထက်မနည်း ပိတ်သိမ်းခဲ့ရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ကိုးကား၍ TOLO သတင်းတွင် ဖော်ပြထားသည်။

"ရုပ်မြင်သံကြားဌာန ၂ ခု၊ ရေဒီယိုအသံလွှင့် ဌာန ၇ ခုနှင့် သတင်းဌာန ၁ ခုတို့သည် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။ မီဒီယာများပိတ်သိမ်းပြီးနောက် သတင်းထောက်အများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့သည်” ဟု ဆိုသည်။
လွတ်လပ်သောအာဖဂန်သတင်းထောက်များအသင်း (AIJA) ၏ ဒုတိယအကြီးအကဲ ဖာဟတ်ဘေးရော့ဇ် က "၂၀၂၂ ခုနှစ်အတွင်းမှာ မီဒီယာကဏ္ဍကျဆင်းလာတာကို တွေ့ခဲ့ရပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တော်တော်များများ အလုပ်လက်မဲ့ဖြစ်သွားတာဟာ စိတ်မကောင်းစရာပါ" ဟု ပြောကြားခဲ့သည်။
အစ္စလာမ္မစ်စော်ဘွားများက အာဖဂန်နစ္စတန်တွင် Radio Azadi/ Radio Free Europe နှင့် Voice of America ဌာနတို့၏ ရုပ်သံထုတ်လွှင့်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်ရေဒီယို/ရုပ်မြင်သံကြား (RTA) နှင့် စာချုပ်များကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ထုတ်လွှင့်မှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း တာလီဘန်တို့က ပြောသည်။
အစ္စလာမ္မစ်စော်ဘွားနိုင်ငံအာဖဂန်နစ္စတန်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဘလာကာရီမီက "ဒီပြဿနာက ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ပါတယ်။ နှစ်ဖက်စလုံးက စာချုပ်တွေ ဖျက်သိမ်းပြီး ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းလိုက်တာပါ" ဟု ပြောကြားခဲ့သည်။
အခြားသော အသံလွှင့်ဌာနတစ်ခုဖြစ်သည့် Nargis Radio ကလည်း ငွေကြေးအခက်အခဲကြောင့် အသံလွှင့်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး နိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။
စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် သတင်းထောက်များအား နှောင့်ယှက်မှုဟန့်တားမှုဖြစ်ရပ် ၈၆ မှု ရှိခဲ့ကြောင်း TOLO သတင်းတွင် ဖော်ပြထားသည်။
သတင်းထောက်များသည် ၂၀၂၂ ခုနှစ်တွင် အရေးကြီးသော သတင်းအချက်အလက်များကို ရယူခွင့်မရှိခဲ့ဟု ဆိုသည်။
"မီဒီယာတွေဟာ သူတို့ရယူလိုတဲ့ သတင်းရင်းမြစ်တွေဆီကနေ သတင်းရယူခွင့် မရပါဘူး။ အဲကြောင့်ပဲ မီဒီယာတွေကို ပိတ်ပစ်ရတာပါ” လို့ သတင်းထောက် မဆူလာ အမာဒီကို ကိုးကားပြီး TOLO သတင်းတွင် ဖော်ပြထားသည်။
တာလီဘန်အိမ်စောင့်အစိုးရ၏ အာဖဂန်နစ္စတန် ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မီဒီယာများ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် မီဒီယာချိုးဖောက်မှုဆိုင်ရာကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
ကော်မရှင်အဖွဲ့ဝင်အချို့မှာ အမျိုးသမီးများဖြစ်မည်ဟု မျှော်လင့်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။
“သတင်းဌာနတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို ဌာနတစ်ခုတည်း၊ အထူးသဖြင့် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တစ်ခုတည်းကသာ ဖြေရှင်းသင့်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု တာလီဘန်အစိုးရ၏ ပြန်ကြားရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီး မူဟာဂျာဖရာဟီက ပြောသည်။
လက်ရှိတွင် အာဖဂန်နစ္စတန်၌ ရုပ်မြင်သံကြားဌာန ၈၃ ခု၊ ရေဒီယိုအသံလွှင့်ဌာန ၂၁၃ ခု၊ သတင်းဌာန ၂၈ ခုနှင့် ပုံနှိပ်မီဒီယာ ၂၀ တို့သည် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ အာဖဂန်နစ္စတန်ရှိ မီဒီယာ ၂၂၅ ခုခန့်သည် စီးပွားရေးပြဿနာများနှင့် အစိုးရက ချမှတ်ထားသော ကန့်သတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly