အာဖဂန်နစ္စတန်ပြည်သူများ ငတ်မွတ်ခေါင်းပါးမှုနှင့်စားနပ်ရိက္ခာရှားပါးမှုကို ကြုံတွေ့နေ

By ANI
05 January 2023
အာဖဂန်နစ္စတန်ပြည်သူများ ငတ်မွတ်ခေါင်းပါးမှုနှင့်စားနပ်ရိက္ခာရှားပါးမှုကို ကြုံတွေ့နေ

အာဖဂန်နစ္စတန်နိုင်ငံသည် ငတ်မွတ်ခေါင်းပါးမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ကို ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်ဟု Observer Research Foundation (ORF) ၏ အစီရင်ခံစာကို ကိုးကား၍ TOLO သတင်းက ဖော်ပြသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အခြေစိုက်သည့် လွတ်လပ်သော ကမ္ဘာ့ပညာရှင်အဖွဲ့တစ်ခုဖြစ်သည့် Observer Research Foundation သည် နိုင်ငံပေါင်း ၁၃၆ နိုင်ငံတွင် စားနပ်ရိက္ခာရှားပါးမှုနှင့်သက်ဆိုင်သည့်ကဏ္ဍကို သုတေသနပြုလုပ်ခဲ့သည်။ အာဖဂန်နစ္စတန်သည် တောင်အာရှရှိ စားနပ်ရိက္ခာဖူလုံမှုမရှိသည့်နိုင်ငံများတွင် ထိပ်ဆုံးအဆင့်၌ ရပ်တည်နေသည်။
“တောင်အာရှနိုင်ငံတွေဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအနှေးကွေးဆုံးနဲ့ အာဟာရချို့တဲ့မှုအဆင့် အမြင့်မားဆုံးဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုညွှန်းကိန်း (GHI) မှာဖော်ပြထားပါတယ်။   ဒီအခြေအနေဟာ ကလေး သန်း ၆၀၀ နေထိုင်ရာ ဒေသတစ်ခုအတွက် စိုးရိမ်စရာဖြစ်ပြီး ဒေသတွင်း လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းကျော်ဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် အခြေအနေက ပိုဆိုးလာတယ်” ဟု Observer Research Foundation က ဆိုသည်။
"မကောင်းမွန်တဲ့ စီးပွားရေးနှင့် လူမှုရေးအခြေအနေတွေဟာ ကလေးတွေရဲ့အာဟာရနှင့် တိုက်ရိုက်ဆက်နွှယ်နေတာကြောင့် ကလေးတွေကို ထိခိုက်စေပြီး စားနပ်ရိက္ခာမလုံလောက်မှုကို ပိုဆိုးလာစေပါတယ်” ဟု ဆရာဝန် မိုဟာမက်နာဆီရာကာဇီမီကို ကိုးကားပြီး TOLO သတင်းတွင် ဖော်ပြထားသည်။
စားနပ်ရိက္ခာရှားပါးမှုနှင့် နိုင်ငံ့စီးပွားရေးမကောင်းမှုကြောင့် ကလေးများမှာ အာဟာရချို့တဲ့မှုကို ခံစားနေရသည်ဟု ကဘူးလ်မြို့ရှိ အင်ဒီရာဂန္ဒီဆေးရုံ၌ ကလေးများကို ဆေးကုနေရသည့် မိဘများက ပြောသည်။ 
“ကျွန်မကလေး နေမကောင်းဖြစ်တာ ၄ လရှိပါပြီ။ အာဟာရချို့တဲ့မှုဖြစ်တာကြောင့် ကုသမှုက ထိရောက်မှာမဟုတ်ဘူးလို့ ဆရာဝန်တွေက ပြောပါတယ်” ဟု အာဟာရချို့တဲ့သည့် ကလေးတစ်ဦး၏ မိခင်က ပြောသည်။
“အာဟာရချို့တဲ့မှုကြောင့် ဆေးရုံတက်ရသည့် ကလေးငယ်ပေါင်း နေ့စဉ် ၄ ဦးထက်မနည်းရှိကြောင်း အင်ဒီရာဂန္ဒီကလေးဆေးရုံမှ ဆရာဝန်အချို့ကပြောသည်” ဟု TOLO သတင်းတွင် ဖော်ပြထားသည်။
"နှစ်စက စပြီး အတန်အသင့်နှင့် ဆိုးဆိုးရွားရွား အာဟာရချို့တဲ့တဲ့ ကလေးငယ်၂ ဒသမ ၈ သန်းနဲ့ နို့တိုက်မိခင်တွေဟာ ထိခိုက်ခံစားခဲ့ရတယ်” ဟု တာလီဘန်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှာရာဖတ် ဇာမန် အမ်မာကေးလ်က ပြောကြားခဲ့သည်။
အာဖဂန်မိသားစုများသည် ဆောင်းရာသီတွင် နွေးနွေးထွေးထွေးနေထိုင်ရန်နှင့် စားဝတ်နေရေးအလျင်မီစေရန် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ကြရကြောင်း မီဒီယာများက ဖော်ပြကြသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းဆောင်ရွက်မှုဒါရိုက်တာ မာတင်ရှု(ပ်)က “သာမန် အာဖဂန်မိသားစုတစ်စုသည် အခြေခံစားနပ်ရိက္ခာ၏ ၈၂ ရာခိုင်နှုန်းသာ တတ်နိုင်ကြကာ အာဖဂန်နစ္စတန်ရှိ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေအပေါ် စိုးရိမ်ကြောင်း” ပြောကြားခဲ့သည်ဟု Khaama သတင်းတွင် ဖော်ပြထားသည်။
တာလီဘန်များက ၂၀၂၁ ခုနှစ် သြဂုတ်လက အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိတွေ့ကြုံနေရသော နိုင်ငံရေးအကျပ်အတည်းက အာဖဂန်နစ္စတန်ရှိ ပုဂ္ဂလိကကဏ္ဍများကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းကာ မသေချာမရေရာမှုများ ရှိနေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးစစ်တမ်းတွင် ဖော်ပြထားသည်။
ရောင်းအားကျဆင်းမှုများကြောင့် ပုဂ္ဂလိကကုမ္ပဏီများသည် ပျမ်းမျှအားဖြင့် ၎င်းတို့၏ ဝန်ထမ်းအင်အားကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီး နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်းအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာသည်ဟု Khaama သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly