ထိုင်ဝမ်အနီး တရုတ်စစ်လေယာဉ် ၂၄ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်း ချဉ်းကပ်ခဲ့

By ANI 
05 January 2023
ထိုင်ဝမ်အနီး တရုတ်စစ်လေယာဉ် ၂၄ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်း ချဉ်းကပ်ခဲ့

 

တရုတ်စစ်လေယာဉ် ၂၄ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်းသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်‌ရေး သတ်မှတ်ဇုန် (ADIZ) ကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း Taiwan News သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ထိုင်ဝမ်တစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၂၄ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်းတို့ကို  ဒီဇင်ဘာ ၃၁ ရက်  နံနက် ၆ နာရီမှ ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီအတွင်း ခြေရာခံခဲ့မိခဲ့ကြောင်ား ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောသည်။
ထိုင်ဝမ်သည် တရုတ်စစ်တပ် (PLA)မှ လေယာဉ်နှင့် ရေယာဉ်များကို စောင့်ကြည့်ရန် လေယာဉ်များ၊ ‌ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များကို အသုံးပြုခဲ့ကြောင်း Taiwan News သတင်းတွင် ဖော်ပြထားသည်။
တရုတ်စစ်လေယာဉ် ၂၄ စင်းအနက် ထိုင်ဝမ်ရေလက်ကြားအလယ်အလယ်မျဉ်းကို ဖြတ်ကျော်ခဲ့သည့် ၁၂ စင်း အပါအဝင် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်တွင် လေယာဉ် ၁၅ စင်းကို ခြေရာခံမိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။  Shenyang J -11 တိုက်လေယာဉ် ၄ စင်း၊ Chengdu J-10 တိုက်လေယာဉ် ၄ စင်းနှင့် Shenyang J-16 တိုက်လေယာဉ် ၄ စင်းတို့သည် ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ခဲ့ကြသည်။
ထို့ပြင် Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ခိုက်ရေး စစ်လေယာဥ် ၁ စင်း၊ Harbin BZK-005 ကင်းထောက်ဒရုန်း ၁ စင်းနှင့် BZK-007 ကင်းထောက်ဒရုန်း ၁ စင်းတို့ကိုလည်း ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၏ အနောက်တောင်ထောင့်တွင် တွေ့ရှိရကြောင်း Taiwan News တွင် ဖော်ပြသည်။
တရုတ်သည် ၂၀၂၀ ခုနှစ် စက်တင်ဘာလကတည်းက ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်သို့ လေယာဉ်များ ပုံမှန်စေလွှတ်ခဲ့ခြင်းဖြင့် မီးခိုးရောင်ဇုန်နည်းဗျူဟာအသုံးပြုမှုကို တိုးမြှင့်ခဲ့သည်။
ထို့ပြင် တောင်တရုတ်ပင်လယ်တွင် တရုတ်ရန်လိုမှု ကြီးထွားလာသောကြောင့် တရုတ်နှင့်အမေရိကန်အကြား တင်းမာမှု တိုးလာနေချိန်တွင် တရုတ်ရေတပ်သည် ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်ရေတပ် တပ်ဖွဲ့ကို သဏ္ဍာန်တူတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုနေ့မှာပင် တရုတ် J-11 ဂျက်တိုက်လေယာဉ်သည် အမေရိကန် လေတပ်မှ RC-135 ထောက်လှမ်းရေးလေယာဉ်ကို ချဉ်းကပ်နှောင့်ယှက်ခဲ့သည်။ ပင်တဂွန်က ထိုဖြစ်ရပ်ကို အန္တရာယ်မကင်းသော လေ့ကျင့်ပျံသန်းမှုဟု ခေါ်ဆိုခဲ့ကြောင်း The Drive သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တရုတ်ခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်အပေါ် ရန်လိုသော ရပ်တည်ချက်ကို တိုးမြှင့်လုပ်ဆောင်ခဲ့သလို အမေရိကန်အရာရှိများကလည်း တရုတ်က ထိုင်ဝမ်ကို အနှေးနှင့်အမြန်ဆိုသလို သိမ်းပိုက်လာနိုင်မှုအပေါ် စိုးရိမ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly