တရုတ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်းက ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း HK Post သတင်းတွင် ဖော်ပြ

By ANI
05 January 2023
တရုတ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်းက ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း HK Post သတင်းတွင် ဖော်ပြ

တစ်ကမ္ဘာလုံးသည် အသက်မွေးဝမ်းကျောင်းဆုံးရှုံးမှုများ၊ စီးပွားရေးလုပ်ငန်းများနှင့်နိုင်ငံ့စီးပွားရေး ထိခိုက်ပျက်စီးမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများမှ နာလန်ထူအောင် လုပ်ဆောင်နေဆဲအချိန်တွင် တရုတ်နိုင်ငံမှ သေစေတတ်သော ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ်ပျံ့နှံ့မှုကို အချိန်မီမဟန့်တားနိုင်ပါက ကမ္ဘာတစ်ဝန်းတွင် ကသောင်းကနင်းအခြေအနေများ ဖြစ်လာစေနိုင်သည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှလက်ရှိဖြစ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သော ကြောက်မက်ဖွယ် ကိုဗစ်-၁၉ ကူးစက်မှု ထပ်မံဖြစ်လာမည့်အပေါ် စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။
တရုတ်အစိုးရက ၂၀၁၉ ခုနှစ်တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း ယခုတစ်ကြိမ်တွင်လည်း ၎င်းနိုင်ငံသားများနှင့်ကမ္ဘာ့နိုင်ငံများအား ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖုံးကွယ်ထားသည်။
တရုတ်အနေဖြင့် နိုင်ငံသားများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်မှုရရှိအောင်လုပ်ရမည်ဖြစ်ကာ မြေပြင်အခြေအနေမှန်များကို အသိပေးရမည်ဖြစ်ကြောင်း HK Post က ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံတွင် နေ့စဉ် သန်းနှင့်ချီသော ရောဂါကူးစက်မှုအသစ်များ တွေ့နေရသည်။ ရှန်ဟိုင်းနှင့် ပေကျင်းအပါအဝင် မြို့ကြီးများစွာသည် အလျင်အမြန်များပြားလာသော ကူးစက်မှုများကို ကြုံတွေ့နေရသည်။
ဆေးရုံများနှင့်မီးသင်္ဂြိုဟ်စက်များတွင် လူများ စုပြုံနေကာ လမ်းမများတွင်မူ လူသူကင်းမဲ့နေသည်။ ဆေးရုံများတွင် လူနာများအတွက် ကုတင် အလုံအလောက်မရှိပေ။ လူနာများသည် ဆေးရုံခုံတန်းလျားများနှင့် ကြမ်းပြင်များပေါ်တွင်သာ အိပ်ကြရသည်။
ကျောင်းသားများမှာ ကျောင်းမတက်ကြရသလို ဆရာ၊ ဆရာမများနှင့် ကျောင်းဝန်ထမ်းများလည်း ဖျားနာနေကြသည်။ လွန်ခဲ့သော ၃ နှစ် ခန့်က ဝူဟန်တွင် ဖြစ်ပွားခဲ့သည့် ရောဂါကူးစက်မှုနောက်ပိုင်း အကြီးမားဆုံးကူးစက်မှုကြုံနေရသည်ဟု ဆိုကြသည်။ တရုတ်အာဏာပိုင်များသည် အကူအညီမဲ့နေဟန်ရှိပြီး ကြီးထွားလာသော ပြဿနာများကို ရင်ဆိုင်ရန် ရုန်းကန်နေရသည်ဟု HK Post က ဖော်ပြသည်။
“ဆေးရုံတစ်ခုလုံး လူနာတွေ ပြည့်နေပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် အကြီးမားဆုံးပြဿနာကတော့ ကျွန်တော်တို့တွေ ဒီအတွက် ကြိုတင်မပြင်ဆင်ခဲ့တာပါပဲ” ဟု ပေကျင်းအခြေစိုက်ဆရာဝန် ဟောင်းဝပ်ဘန်းစတိန်းက ပြောကြားခဲ့သည်။
အချိန်နှင့်် တစ်ပြေးညီ တိကျမှန်ကန်သော အချက်အလက်များ မရရှိခြင်းကြောင့် အခြားနိုင်ငံများသည် ၂၀၂၀ ပြည့်နှစ်ကကဲ့သို့ ကပ်ဘေးထပ်ဖြစ်မည်ကိုကြောက်ရွံ့နေကြသည်ဟု HK Post က ဖော်ပြသည်။
အမေရိကန် ၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂနိုင်ငံများသည် ဖြစ်လာနိုင်ခြေရှိသည့် ကိုဗစ်ဆူနာမီကို ရင်ဆိုင်ရန် အစီအမံများ စတင်နေပြီဖြစ်သည်။ လူများသည် နှာခေါင်းစည်းများပြန်တပ်နေကြပြီး စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို ဝယ်ယူစုဆောင်းနေကြသည်ဟု HK Post တွင် ဖော်ပြခဲ့သည်။
“တရုတ်က ကိုဗစ်ကြောင့် ပိတ်ဆို့လိုက်တဲ့အခါ  ကမ္ဘာ့စီးပွားရေးအပေါ် သိသိသိသာ ဂယက်ရိုက်မှုတွေ ရှိလာပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။ ပညာရှင်အဖွဲ့ Chatham House  မှ အာရှ -ပစိဖိတ်အစီအစဉ်၏  တွဲဖက်သုတေသီကယ်ရီဘရောင်းက တရုတ်နိုင်ငံရှိ မသေချာ မရေရာမှုများက  ကျန်ကမ္ဘာ့နိုင်ငံများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိလာလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly