ရာသီဥတုဖောက်ပြန်မှုကြောင့် အနာဂတ်တွင် ဘေးအန္တရာယ်များ ပိုကြုံရနိုင်ကြောင်း ပါကစ္စတန်ရေကြီးမှုက သတိပေးနေ

By ANI    
05 January 2023
ရာသီဥတုဖောက်ပြန်မှုကြောင့် အနာဂတ်တွင် ဘေးအန္တရာယ်များ ပိုကြုံရနိုင်ကြောင်း ပါကစ္စတန်ရေကြီးမှုက သတိပေးနေ

ပြောင်းလဲလာသော ရာသီဥတုအခြေအနေကြောင့် မဝေးသော အနာဂတ်တွင် သဘာဝဘေးအန္တရာယ်များ ပိုမိုကျရောက်လာနိုင်ကြောင်းကို  ပါကစ္စတန်ရေကြီးမှုက သတိပေးနေသည်ဟု ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာကို ကိုးကား၍ Dawn သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြန်လည်သုံးသပ်မှု အစီရင်ခံစာ၌ ၂၀၂၂ ခုနှစ်တွင် အချို့သော ဒေသများသည် ရေပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသလို တချို့မှာ ပြင်းထန်သော ရေလွှမ်းမိုးမှုဒဏ်ကို ခဲ့ခဲ့ရသည်ဟု ဖော်ပြထားသည်။
“ပါကစ္စတန်တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပြီးနောက် ဩဂုတ်လတွင် အရေးပေါ်အခြေအနေကြေညာခဲ့ကာ နိုင်ငံ့မြေ၏ ၃ ပုံ ၁ ပုံခန့် ရေမြုပ်ခဲ့သည်။ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတွေကို ကူညီဖို့အတွက် အမျိုးမျိုးသော နည်းလမ်းတွေကို စဉ်းစားဖို့ ကုလသမဂ္ဂဟာ ဂျီနီဗာမှာ ရာသီဥတုဒဏ်ကြံ့ကြံ့ခံရတဲ့ ပါကစ္စတန်ဆိုင်ရာ နိုင်ငံတကာညီလာခံကို ဇန်နဝါရီ ၉ ရက်နေ့မှာ  အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်” ဟု Dawn သတင်းက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂအစီရင်ခံစာတွင် ကမ္ဘာကြီးပူနွေးလာမှုကို  ကမ္ဘာမြေအတွက် အဓိကခြိမ်းခြောက်မှုအဖြစ် အလေးပေးဖော်ပြထားပြီး လူသားများသည် ကာဗွန်အရေးပေါ်အခြေအနေကို ထိန်းချုပ်ရေးအတွက် ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်းလုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုထားသည်။
ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ဖြတ်တောက်ရန်နှင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း နှင့် ရာသီဥတုဆိုးရွားခြင်းများကို ဖြစ်ပေါ်စေသည့်  လူသားများကြောင့်ဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးကူညီရန် အရေးတကြီးလိုအပ်သည်ဟု ကုလသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြထားသည်။
ပါကစ္စတန်သမိုင်းတွင် အဆိုးရွားဆုံးသော ရေလွှမ်းမိုးကို ကြုံတွေ့နေရချိန်တွင် နိုင်ငံ၏အရေးကြီးဆုံးစိန်ခေါ်မှုများ၌ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၏ သက်ရောက်မှုများပါဝင်ကြောင်း South-South Research Initiative (SSRI) မှ ဆောင်းပါးရှင်နှင့် ပညာရှင်တစ်ဦးဖြစ်သည့ အာရှီယာမယ်လစ်က ရေးသားခဲ့သည်။
ပါကစ္စတန်အတွက် အရေးအကြီးဆုံး စိန်ခေါ်မှုများတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ ရေကြီးခြင်း၊  အပူလှိုင်းကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ သီးနှံဆုံးရှုံးခြင်းနှင့် ‌‌ရောဂါဖြစ်ပွားမှုများစသည်တို့၏ သက်ရောက်မှုများပါဝင်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပိုမိုကြုံတွေ့လာရသည်။
ပါကစ္စတန်တွင် ဆိုးဝါးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများရှိနေပြီး ပါကစ္စတန်၏ ထိပ်တန်း သဘာဝပတ်ဝန်းကျင် ပြဿနာများတွင် လေထုညစ်ညမ်းမှု၊ သောက်သုံးရေ မလုံလောက်မှု၊ ဆူညံသံ များပြားမှု နှင့် ညစ်ညမ်းမှုများကြောင့် ကျေးလက်နှင့် မြို့ပြဒေသခံများတွင် ကျန်းမာရေးယိုယွင်းမှုများ ဖြစ်လာကြောင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် စိုးရိမ်စရာကိစ္စရပ်များကို ဖော်ပြထားသည်။ 
အဆိုပါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာကိစ္စရပ်များသည် ပါကစ္စတန် နိုင်ငံသားများကို ထိခိုက်စေရုံသာမက နိုင်ငံစီးပွားရေးကိုပါ ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း မယ်လစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly