ဂွါဒါဆူပူဆန္ဒပြမှုကို ပါကစ္စတန် ပြည်နယ်အစိုးရ မဖြေရှင်းပေးနိုင်

By ANI
05 January 2023
ဂွါဒါဆူပူဆန္ဒပြမှုကို ပါကစ္စတန် ပြည်နယ်အစိုးရ မဖြေရှင်းပေးနိုင်

ပါကစ္စတန်နိုင်ငံရှိ  ဂွါဒါဆိပ်ကမ်းမြို့တွင် အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (HDT) ထောက်ခံသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ထိပ်တိုက်တွေ့ပြီးနောက် ဆန္ဒပြပွဲများ ဆက်ဖြစ်နေကာ တင်းမာမှုများ ပြင်းထန်နေဆဲဖြစ်သည်။

ပြည်နယ်အစိုးရက   ပုံမှန် အခြေအနေ ပြန်ဖြစ်ရေးနှင့် အစိုးရနှင့် HDT အကြား အငြင်းအခုံ ဖြစ်လာစေသည့် ပြဿနာများကို ဖြေရှင်းရန် ဂျာမက်အစ္စလာမ္မစ်ပါတီခေါင်းဆောင် လီရာကွတ်ဘာလော့အား ဆက်သွယ်ခဲ့ကြောင်း  သတင်းအရင်းအမြစ်များကို ကိုးကား၍ Dawn သတင်းစာက ဖော်ပြခဲ့သည်။
အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (HDT) ကိုထောက်ခံသည့် ဆန္ဒပြသူများက ဂွါဒါဆိပ်ကမ်းမြို့ရှိ အုပ်ချုပ်ရေးရုံးကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ထားပြီး နိုင်ငံပိုင် မီဒီယာက ဘာလိုချီစတန်ရှိ ပြည်နယ်အာဏာပိုင်များကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
တရားမဝင်ငါးဖမ်းမှုကို ဆန္ဒပြရာမှ  လူတချို့ဖမ်းဆီးခံရပြီးနောက် ဆူပူဆန္ဒပြမှုအသွင်ပြောင်းသွားခဲ့ကာ ဂွါဒါဆိပ်ကမ်းမြို့၌ ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ယခုလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း The Balochistan Post တွင် ဖော်ပြထားသည်။
ဂွါဒါအခွင့်အရေးလှုပ်ရှားမှုအဖွဲ့မှ တက်ကြွလှုပ်ရှားသူများသည် မြို့တော်တွင် ၂ လနီးပါး ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများက ဂွါဒါရေပိုင်နက်တွင် တရားမဝင် ဆွဲပိုက်ချငါးဖမ်းခြင်းကို ရပ်တန့်ရန်၊  လုံခြုံရေး စစ်ဆေးရေးဂိတ် အရေအတွက် တိုးမြှင့်ရန်နှင့် ပါကစ္စတန်- အီရန် နယ်စပ်တွင် ကုန်သွယ်မှု ဖွင့်လှစ်ရန် တောင်းဆိုနေကြသည်။
“HTD အဖွဲ့ရဲ့  တောင်းဆိုချက် အများစုဟာ  ကျိုးကြောင်းဆီလျော်ပြီး ဘာလိုချီစတန်ပြည်သူတွေအပေါ် သက်ရောက်နေတဲ့ နက်ရှိုင်းတဲ့ မကျေနပ်မှုတွေကို ပြသနေပါတယ်။ ပြည်နယ်က လူအများစုဟာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)လိုမျိုး စီမံကိန်းတွေကနေ အကျိုးကျေးဇူးတွေ မရဘူးလို့ ခံစားနေရပါတယ်” ဟု The Balochistan Post တွင်ဖော်ပြထားသည်။
ဘာလိုချီစတန်ပြည်ထဲရေးဝန်ကြီး မာဇီလာလန်ဂို့က HTD ၏ တောင်းဆိုချက် အချို့သည် ပြည်နယ်အစိုးရ၏ စီရင်ပိုင်ခွင့်အတွင်း မရှိကြောင်း ပြောကြားခဲ့သည်။ 
နယ်စပ်နှင့် ဂွါဒါဆိပ်ကမ်းနှင့် ပတ်သက်သော HDT ၏ တောင်းဆိုချက်များသည် တရားမျှတသော်လည်း ပြည်နယ်အာဏာပိုင်များက တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly