ပါကစ္စတန်တွင် နိုင်ငံတကာမူးယစ်ဆေးဝါးကုန်သွယ်မှု စိမ့်ဝင်ပျံ့နှံ့နေ

By ANI
05 January 2023
ပါကစ္စတန်တွင် နိုင်ငံတကာမူးယစ်ဆေးဝါးကုန်သွယ်မှု စိမ့်ဝင်ပျံ့နှံ့နေ

အရှေ့အလယ်ပိုင်းနှင့် အာဖရိကအပါအဝင် တစ်ကမ္ဘာလုံးအတွက် ပါကစ္စတန်နိုင်ငံမှ မူးယစ်ဆေးဝါးတင်ပို့မှုသည် စံချိန်တင်မြင့်တက်လာကြောင်း Geo- politik သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အာဖရိကရှိ လူဦးရေအများဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားသည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် လူငယ်များအကြား မူးယစ်ဆေးအများဆုံးအသုံးပြုရာ ဗဟိုချက်နိုင်ငံဖြစ်လာသည်။
နိုင်ဂျီးရီးယားနိုင်ငံမှ အာဖဂန်နစ္စတန်အထိ ကျယ်ပြန့်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု ကွန်ရက်သည် ပင်လယ်ကွေ့နိုင်ငံများမှတစ်ဆင့် ပါကစ္စတန်ထိ ပျံ့နှံ့လာသည်။
နိုင်ဂျီးရီးယားတွင် အသုံးများသော မူးယစ်ဆေးမှာ ထရာမာဒေါနှင့် ကိုဒင်းတို့ဖြစ်သည်။ ထိုဆေးများသည် အသက်ရှုလမ်းကြောင်းစနစ်ကို မထိခိုက်သော်လည်း အလွန်အကျွံ အသုံးပြုမိပါက နှလုံးခုန်နှုန်းမမှန်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။
နိုင်ဂျီးရီးယားတွင် ၅၀ မီလီဂရမ် မှ ၁၀၀ မီလီဂရမ်အလေးချိန်ရှိ ဆေးပြားများသာ ခွင့်ပြုထားသော်လည်း  အားပြင်းသည့် ၂၀၀ မီလီဂရမ် နှင့် ၂၂၅ မီလီဂရမ်ရှိ ဆေးပြားများလည်း စျေးကွက်တွင်းသို့ စိမ့်ဝင်လျက်ရှိသည်။ ပါကစ္စတန်မှ ထရာမာဒေါဆေးတောင့်များကို အများအပြား မှောင်ခိုကူးကြသည်။
ကိုဒင်းသည် စွဲလွယ်ပြီး နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံအများစုတွင် ဝယ်ယူသုံးစွဲသူများအတွက် ဆေးအညွှန်းစာ လိုအပ်သည်။ ကိုဒင်းဆေးများကို လွဲမှားစွာ အသုံးပြုပါက အသည်းပျက်စီးခြင်း၊ အစာအိမ် ပြည်တည်နာဖြစ်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် သေဆုံးခြင်း စသော ဆိုးရွားသည့် ကျန်းမာ‌ရေး ပြသနာများ ဖြစ်နိုင်သည်။
နိုင်ဂျီးရီးယားတွင် ၂၀၁၂ ခုနှစ် ကတည်းက ကိုဒင်းပါဝင်သော ပစ္စည်းများကို ‌ဒေသတွင်းတွင် ထုတ်လုပ်ကာ ဆေးအညွှန်းစာပါမှ ရောင်းချ၍ ရသော (prescription-only-medicines (POM) ဆေးများဖြစ်ကြသည်။ သို့သော် ကိုဒင်းထုတ်ကုန်များကို ကရာချိမြို့မှ တရားဝင်မှတ်ပုံတင်ခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ခိုးသွင်းလျက်ရှိသည်ဟု Geo-politik က ဖော်ပြခဲ့သည်။ 
ပါကစ္စတန်နိုင်ငံသည် ထရာမာဒေါကို အများဆုံးတင်ပို့ရောင်းချသော နိုင်ငံဖြစ်သည်။ အာဖရိကနိုင်ငံများနှင့် အရှေ့အလည်ပိုင်းနိုင်ငံများကဲ့သို့ပင် နိုင်ဂျီးရီးယားတွင် နှစ်ပေါင်းများစွာ ထရာမာဒေါ စျေးကွက် ကျယ်ပြန့်လာသည့် လက္ခဏာများရှိသည်။ သို့သော် ယခုအခါ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုသည် အားကောင်းလာပုံရသည်။
နိုင်ဂျီးရီးယားမူးယစ်ရဲတပ်ဖွဲ့ (NDLEA) က တောင်အာဖရိကနှင့်ပါကစ္စတန်မှ နိုင်ဂျီးရီးယားသို့ မှောင်ခိုသွင်းလာသည့် ဘိန်းဆေးပြား ၁ ဒသမ ၇ သန်းကျော်ကို သိမ်းဆည်းရမိကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ တွင် ထုတ်ပြန်ခဲ့သည်။ 
မူးယစ်ဆေးတိုက်ဖျက်ရေး အရာရှိများသည် အီသီယိုးပီးယား လေကြောင်းလိုင်းဖြင့် အီသီယိုးပီးယား မြို့တော် အဒစ်အဘာဘာမှတစ်ဆင့် ပါကစ္စတန်မှတင်သွင်းလာသော အလေးချိန် ၄၆၀ ဒသမ ၉၅ ကီလိုဂရမ်ရှိ  ထရာမာဒေါ ၂၂၅ မီလီဂရမ်ဆေးတောင့်ပေါင်း ၆၄၉ ၃၀၀ ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ ၁၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ပါကစ္စတန်ရှိ ထရာမာဒေါကွန်ယက်များသည် အိုင်အက်စ်၊ ဘိုကိုဟာရမ်တို့နှင့် ချိတ်ဆက်နေသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ရသည်။ အစ္စလာမ္မစ်နိုင်ငံများသို့တင်ပို့ရန် ရည်ရွယ်ထားသော  ထရာမာဒေါများကို ပါကစ္စတန်တွင် အများအပြားဖမ်းဆီးမိကြောင်း Geo-politik သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly