တရုတ်က ဂေဟစနစ်ထိန်းသိမ်းရေးအကြောင်းပြချက်ဖြင့် လှည့်လည်နေထိုင်သူတိဗက်များကို နေရာရွှေ့ပြောင်း 

By ANI  
05 January 2023
တရုတ်က ဂေဟစနစ်ထိန်းသိမ်းရေးအကြောင်းပြချက်ဖြင့် လှည့်လည်နေထိုင်သူတိဗက်များကို နေရာရွှေ့ပြောင်း 

တရုတ်အစိုးရသည် အမျိုးသားပြည်သူ့ကွန်ဂရက် (NCP) ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးတွင် တိဗက်၏ ဂေဟ စနစ်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို ထည့်သွင်းစဉ်းစားခဲ့သည်။

လှည့်လည်နေထိုင်သူများကြောင့် စားကျက်များပျက်စီးခြင်းနှင့် သစ်တောပြုန်းတီးခြင်းဖြစ်စေသည်ဟု စွပ်စွဲကာ တိဗက်လှည့်လည်သွားလာနေသူများအား ၎င်းတို့ မြေများမှ ရွှေ့ပြောင်းခိုင်းရန် ဥပဒေရေးဆွဲထားသော်လည်း အမှန်တကယ်တွင် တိဗက်များသည် ယင်းမြေများကို နှစ်ပေါင်းစွာ ထိန်းသိမ်းစောင့်ရှောက်လာသူများဖြစ်ကြောင်း ဒေလီအခြေစိုက် လူ့အခွင့်အရေးနှင့် မူဝါဒဆိုင်ရာသုတေသနအဖွဲ့ဖြစ်သည့် Tibet Rights Collective (TRC) က ဖော်ပြထားသည်။ 
တရုတ်အစိုးရသည် တိဗက်မြေယာများကို ပြန်လည်ထိန်းသိမ်းရန်နှင့် မြက်ခင်းပြင်များထိန်းသိမ်းခြင်းကို အကြောင်းပြလျက် တိဗက်လှည့်လည်သွားလာသူများကို အတင်းအဓမ္မ ပြန်လည်နေရာချထားပေးခဲ့သည်။
တိဗက်၏ ကျယ်ပြန့်သော ဧရိယာများကို အမျိုးသားဥယျာဉ်များအဖြစ် ပြောင်းလဲပေးသည့် မူဝါဒတစ်ရပ်ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဥပဒေကြောင့် တိဗက်လူမျိုး ၁၀ဝဝ ကျော်သည် ၂၀၁၈ ခုနှစ်တွင် တိဗက်မြောက်ပိုင်းမှ ရွှေ့ပြောင်းခံခဲ့ရပြီး တရုတ်က ယင်းဖြစ်စဉ်ကို အမြင့်ပိုင်းဒေသ ဂေဟစနစ်ရွှေ့ပြောင်းခြင်းဟု အမည်ပေးခဲ့သည်။
ယင်းဥပဒေမူကြမ်းသည် တိဗက်လှည့်လည်သွားလာသူများကို ၎င်းတို့၏ နေရာများမှ ရွှေ့ပြောင်းရန် ရည်ရွယ်ထားသော်လည်း သတ္တုတူးဖော်ခြင်းကို မရပ်တန့်နိုင်ခဲ့ကြောင်း တိဗက်ပညာရှင် ဂရေဘယ်လက်ဖ်ဖစ်က ပြောကြားခဲ့သည်။ 
"ဂေဟစနစ်ပြန်လည်ထူထောင်ရေးအကြောင်းပြချက်နဲ့ တိဗက်လူမျိုးတွေကို နယ်စပ်ရွာသစ်တွေဆီ ပြောင်းရွှေ့နေရာချထားပြီး စောင့်ကြည့်နေတာပါ"ဟု ဂရေဘယ်က ဆိုသည်။
သို့သော် အဆိုပါဥပဒေသည် တိဗက်၏ ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရာတွင် လှည့်လှည့်သွားလာသူများ ပါဝင်ရမည့် အခန်းကဏ္ဍကို လျစ်လျူရှုထားသည်။
ယင်းဥပဒေရေးဆွဲချိန်တွင် အဓိကပါဝင်ပတ်သက်သူများနှင့် အကျိုးဖြစ်စေမည့် ညှိနှိုင်းဆွေးနွေးမှုများ မရှိခဲ့ကြောင်း TRC က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly