အင်းလေးဒေသခံ လူငယ်များကို PDF ဟု စွပ်စွဲကာ လိုက်လံဖမ်းဆီးနေ

By မေဘယ်လ်သူ (မဇ္ဈိမ)
04 January 2023
အင်းလေးဒေသခံ လူငယ်များကို PDF ဟု စွပ်စွဲကာ လိုက်လံဖမ်းဆီးနေ

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် နေထိုင်သည့် လူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီဘက်မှ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစကာ ယခုရက်ပိုင်းအထိ အင်းလေးဒေသခံ ပြည်သူများကို ပျူစောထီးနှင့် စစ်ကောင်စီတို့ ပူပေါင်းပြီး အသက် ၁၈ နှစ် နှင့် ၃၅ နှစ်ကြား လူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေကြောင်းဆိုသည်။

"ပျူစောထီးတွေကလမ်းပြပြီး လာဖမ်းကြတာ။ ဖမ်းခံရတဲ့သူတွေထဲမှာ PDF လည်းတစ်ယောက်မှမပါဘဲ အင်းထဲက PDF တွေကို ဖော်ထုတ်ခိုင်းမလို့ ဖမ်းသွားတဲ့ပုံပဲ။ ဖမ်းခံရတဲ့လူတွေအကုန် တစ်ယောက်မှပြန်မလွတ်သေးဘူး" ဟု အင်းလေးဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ အင်းလေးဒေသအတွင်းရှိ တောင်ပို့ကြီး၊ သပြေပင်ရွာ၊ အင်းတိန် နှင့် တုံးလည်ရွာမှ ဒေသခံများဖြစ်ပြီး တောင်ပို့ကြီးရွာမှ ၃၂ဦး၊ သပြေပင်ရွာ ငါးဦး၊ တုံးလည်ရွာမှ နှစ်ဦး နှင့် အင်းတိန်ရွာမှ ဆရာတော်တစ်ပါး နှင့် ကျောင်းဝေယာဝိစ္စ လုပ်ပေးသူ နှစ်ဦးတို့ဖြစ်ပြီး၊ ၎င်းတို့ကို ညောင်ရွှေအချုပ်ခန်းတွင် ထားရှိကြောင်း သိရသည်ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၃ရက် နေ့လယ်ပိုင်းကလည်း အင်းလေးဒေသ၊ အနောက်ဘက်ခြမ်း ၊ ဘုရားနီရွာအနီးတွင် PDFများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဘက်အကျအဆုံးများရှိနိုင်ကြောင်း ဒေသတွင်းသတင်းများ​၏ ဖော်ပြချက်အရသိရသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required