ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသား ၃၈ ဦးပြန်လည်လွတ်မြောက်

By မင်းထက် (မဇ္စျိမ)
04 January 2023
ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသား ၃၈ ဦးပြန်လည်လွတ်မြောက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အကျဥ်းသားများအနက် အယ်ဒီတာဟောင်း ကိုမျိုးမင်းထွန်းအပါအဝင် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃၈ဦးကို ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ညနေပိုင်းအချိန်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်အကျဥ်း​ထောင်မှ လွတ်ရက်နီးကပ်နေပြီဖြစ်သည့် နိုင်ငံရေးအကျဥ်းသား ၃၀ ဦးနှင့် အကျဥ်းသူ ရှစ်ဦးတို့ကို စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အကျဥ်းထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။

လွတ်မြောက်လာသူများအနက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် ပုသိမ်မြို့အခြေစိုက် ဧရာဝတီတိုင်းမ် (Ayeyarwaddy Times)သတင်းဌာန၏ အယ်ဒီတာဟောင်း ကိုမျိုးမင်းထွန်းပါဝင်လာသည်ဟု ၎င်းကဆက်ပြောသည်။

"ထောင်ကလွတ်ဖို့ တစ်နှစ်အောက်ကျန်တဲ့သူတွေကိုပဲ ရွေးပြီးလွှတ်လိုက်တာလို့ သိရတယ်။ များသောအားဖြင့် ၅၀၅ (က)အမှုတွေက်ို လွှတ်တာပေါ့။အားလုံးပေါင်း ၂၀၀ ကျော်လွှတ်တာဆိုပေမယ့် နိုင်ကျဥ်းကတော့ ၃၈ ယောက်ပဲ လွတ်လာတယ်လို့ သိရတယ်။ ကျန်တဲ့လူတွေကတော့ ခိုး၊ဆိုး၊လု၊နှိုက်မှုတွေ ၊ဆေးမှုတွေနဲ့ အခြားအမှုနဲ့ ကျနေတဲ့သူတွေပါ"ဟု ထောင်ဝန်ထမ်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၅၀ဦး ခန့်ရှိသည်ဟုသိရပြီး လက်ရှိတွင် နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required