၃ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်မည်

By မေဘယ်လ်သူ (မဇ္ဈိမ)
04 January 2023
၃ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်မည်

(မဇ္ဈိမ) ။ ။ ၂၀၁၉ ခုနှစ်မှစ၍ သုံးနှစ်ကျော် ပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်များကို ပြန်ဖွင့်တော့မည်ဟု မူဆယ်နယ်စပ်ရှိ ကုန်သည်များထံက သိရသည်။

မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နှင့် ပန်ဆိုင်းဂိတ်များကို လာမည့် ဇန်နဝါရီလ ၈ ရက်တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကျင်စန်းကျော့ဂိတ်တစ်ခုကိုသာ တရုတ်ဘက်မှ ဖွင့်လှစ်ထားပြီး ကုန်သွယ်ရာတွင် ယာဉ်မောင်းအစားထိုးလဲလှယ်သည့် စနစ်ဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို ခွင့်ပြုထားခြင်း ဖြစ်သည်။

ပိတ်ထားသည့် ဂိတ်များကို ပြန်လည်ဖွင့်လှစ်ချိန်တွင် တရားဝင်ကုန်သွယ်ခွင့်အပြင် လူဝင်၊ လူထွက်ခွင့်များကိုပါ ခွင့်ပြုသွားမည်ဟု ကနဦးသတင်းရရှိသည်။

မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးရှိ ဂိတ်များကို COVID-19 ကပ်ရောဂါကူးစက်မှုများ ထိန်းချုပ်ရန် ၂၀၁၉ ခုနှစ်မှ စတင်ပြီး သုံးနှစ်ကြာပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည် ဖွင့်လှစ်မည် ဖြစ်သော်လည်း " လက်ရှိ စကစရဲ့ နယ်စပ်ကုန်သွယ်မှုဥပဒေတွေရယ် တရုတ်ဘက်က COVID အခြေအနေတွေကြောင့် ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ပြန်ဖွင့်မယ်ဆိုတာတော့ မသိရသေးဘူး" ဟု မူဆယ်နယ်စပ် ကုန်သည်တစ်ဦးကဆိုသည်။

COVID-19 ကန့်သတ်ချက်များကြောင့် နယ်စပ်ကုန်သွယ်ရေးအားလုံးနီးပါး ရပ်တန့်ခဲ့ရချိန်တွင် အနည်းငယ်သော မရှိမဖြစ် ကုန်စည်များကိုသာ ကုန်သွယ်ခွင့် ပြုခဲ့ကြသည်။

နောက်ဆက်တွဲအနေဖြင့် တရုတ်တွင် COVID-19 ကပ်ဘေး ပေါ်ပေါက်ချိန်မှစတင်ကာ တရုတ်-မြန်မာ ကုန်သွယ်ရေးသည် ၆၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့် ပြည်တွင်းမှ တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဖရဲသီး၊ အခွံမာသီး၊ ရော်ဘာ၊ ရေထွက်ကုန်နှင့် မီးဖိုချောင်သုံး ကုန်စည်များ တင်ပို့နေခြင်းဖြစ်သည်။

တရုတ်ဘက်မှနေ၍ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ အစားအစာနှင့် အခြားသော အထွေထွေကုန်စည်ပစ္စည်းများ အဓိက တင်သွင်းခဲ့သည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required