စစ်ကောင်စီပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့ကို RCSS ဥက္ကဋ္ဌ တက်မယူ

By 003 (ရှမ်း)
04 January 2023
စစ်ကောင်စီပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့ကို RCSS ဥက္ကဋ္ဌ တက်မယူ

(မဇ္ဈိမ)။ ။စစ်ကောင်စီပေးအပ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ရွက်ဆစ်က တက်ရောက်ယူခြင်းမရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁ရက်နေ့နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ NCA လက်မှတ်ထိုး တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ ယခင်စစ်ခေါင်းဆောင်ဟောင်းများ၏ မိသားစုဝင်များ အပါအဝင် စစ်ကောင်စီအရာရှိနှင့် တပ်ဖွဲ့ဝင်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များပေးအပ်ခဲ့ရာ RCSS ခေါင်းဆောင်က တက်ရောက်ယူခြင်း မရှိခဲ့ကြောင်း သိရသည်။

"အဲ့ဒီပေးတဲ့ဘွဲ့ကို ဥက္ကဋ္ဌက ကိုယ်တိုင်လည်းသွားမယူဘူး၊ ကိုယ်စားလှယ်လွှတ်ပြီးလည်း မယူဘူး၊ ကိုယ်စားလှယ်လွှတ်တယ် ပြောတာကလည်း သတင်းမှားတွေပါ" ဟု RCSS/SSA တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ရာတွင် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့ကမူ တက်ရောက်ယူခဲ့ကြသည်ဟု သိရသည်။

RCSS တပ်ဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ NCA လက်မှတ်ထိုးအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့​ခြင်းမရှိပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required