အလွတ်တန်း သတင်းထောက် မသူဇာ ပြန်လည်လွတ်မြောက်လာ

By ဝေဟင်စိုး (မဇ္ဈိမ)
04 January 2023
အလွတ်တန်း သတင်းထောက် မသူဇာ ပြန်လည်လွတ်မြောက်လာ

(မဇ္ဈိမ)။ ။ အလွတ်တန်းသတင်းထောက်ဖြစ်သူ မသူဇာ (အလှလေးသူဇာ)သည် ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

မသူဇာအား မိသားစုဝင်များက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် (၁၃၃) ရပ်ကွက်ရှိ နယ်မြေရဲစခန်းမှတစ်ဆင့် သွားရောက် ခေါ်ယူခဲ့ရပြီး၊ လက်ရှိတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကာ မိသားစုအပါအဝင် မိတ်ဆွေများနှင့် တွေ့ဆုံနေပြီဖြစ်သည်ဟု ဆိုသည်။

"အိမ်ပြန်ရောက်နေပါပြီ။ (၁၃၃) ရဲစခန်းမှာ သွားကြိုရပါတယ်။ အကျဉ်းထောင်ကနေ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေဆီ ပို့တယ်။ အဲ့ဒီကမှတစ်ဆင့် နေအိမ်ကိုပြန်ရတာပါ"ဟု မသူဇာနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီက သတင်းထောက် မသူဇာအား ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် အင်းစိန်အကျဉ်းထောင်တွင်းရှိ ဒဂုံမြို့သစ် အရှေ့ပိုင်းမြိုနယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းက နိုင်ငံတော်ဆူပူမှုဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ယခင်က 7Day newsနှင့် Irrawaddy သတင်းဌာန (မြန်မာပိုင်း)တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး၊ ဖမ်းဆီးခံရချိန်တွင် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly