စစ်သားများထွက်ပြေးရာတွင် ကူညီသည်ဟု စွပ်စွဲခံထားရသည့် မတူပီမြို့ခံ အမျိုးသမီး သတ်ဖြတ်ခံရ

By ယောလင်းထန်း (မတူပီ)
04 January 2023
စစ်သားများထွက်ပြေးရာတွင် ကူညီသည်ဟု စွပ်စွဲခံထားရသည့် မတူပီမြို့ခံ အမျိုးသမီး သတ်ဖြတ်ခံရ

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် လုံခြုံရေးတာဝန်ကျနေသည့် စစ်သားတချို့ ထွက်ပြေးလွတ်မြောက်စေရန် ကူညီပေးသည်ဟု စွပ်စွဲခံထားရသူ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သတင်းရရှိသည်။

မတူပီမြို့နယ်၊ ဗန်ကိုင်ကျေးရွာသူ မိုင်ဒီဇင်း (အသက် ၂၅ နှစ်) ကို သတ်ဖြတ်လိုက်ပြီဟု မိသားစုဝင်များထံ ဇန်နဝါရီ ၃ ရက်နေ့တွင် စစ်ကောင်စီဘက်က အကြောင်းကြားလာသည်ဟု နီးစပ်သူများကပြောသည်။

“ သူတို့က မတူပီမြို့ပေါ်မှာ အရက်ရောင်းတယ်။ အဲဒီမှာတပ်ကလည်း လာသောက်နေကြဆိုတော့ ခင်မင်ရင်းနှီးမှုရှိမယ်ထင်တယ်။ စစ်သားတွေ ထွက်ပြေးသွားတယ်ဆိုတာနဲ့ လိုက်စစ်ဆေးပြီး သူတို့ကိုပါ ဖမ်းခေါ်သွားတာ။ ဖမ်းပြီးတစ်ပတ်အကြာမှာ စစ်ဆေးမေးမြန်းရင်း သေသွားတယ် ဆိုပြီးတော့ သတင်းတော့ထွက်နေတာကြာပြီ ''ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၂၂ ခုနှစ် ၊ ဧပြီလ ၂၁ ရက် ညပိုင်းတွင် မတူပီမြို့၊ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး တာဝန်ယူနေသည့် စစ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ယင်းနောက် စစ်တပ်က မိုင်ဒီဇင်းအပါအဝင် ပြည်သူ နှစ်ဦး နှင့် မြို့ခံ CDM ဝန်ထမ်းနှစ်ဦး စုစုပေါင်း ငါးဦးကို ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်ဖမ်းဆီးပြီး မတူပီအခြေစိုက် စစ်ဗျူဟာကုန်း၌ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မိုင်ဒီဇင်းအပြင် တခြားပြည်သူတစ်ဦးကိုလည်း စစ်တပ်မှ စစ်ဆေးနေစဉ် သတ်ဖြတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် အချက်အလက် အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required