တရုတ်က ရုရှားနှင့်ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်ထား 

By Aljazeera
04 January 2023
တရုတ်က ရုရှားနှင့်ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်ထား 

တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဝမ်ယိက  ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် တရုတ်၏ ရပ်တည်ချက်ကို ကာကွယ် ပြောဆိုခဲ့သလို လာမည့် နှစ်တွင် ရုရှားနှင့် တရုတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် တရုတ်-အာရပ် ဆက်ဆံရေးတွင် သမိုင်းဝင် ခြေလှမ်းသစ်များကို ချီးမွမ်းပြောကြားလိုက်သည်။

ဝမ်ယိက ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းလာမှုအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး အမေရိကန်၏ မှားယွင်းသော တရုတ်မူဝါဒကို ပြတ်ပြတ်သားသား ပယ်ချကြောင်း မြို့တော်ပေကျင်းတွင် ပြုလုပ်သည့် အွန်လိုင်းဗီဒီယိုဆွေးနွေးပွဲတွင် ဒီဇင်ဘာ ၃၁ ရက်က ပြောကြားခဲ့သည်။
တရုတ်က အမေရိကန်အား အနိုင်ကျင့်သူအဖြစ် စွပ်စွဲလျက် ကုန်သွယ်ရေး၊ နည်းပညာ၊ လူ့အခွင့်အရေးနှင့် အနောက် ပစိဖိတ်ဒေသအထိ ၎င်းတောင်းဆိုမှုများနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ဖိအားများကို ကြံ့ကြံ့ခံရပ်တည်နေရသည်ဟု ဆိုသည်။
ယူကရိန်းကျူးကျော်မှုကို ရှုတ်ချရန်နှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရာတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းရန် ငြင်းဆိုခြင်းကြောင့် ဥရောပနိုင်ငံအများအပြားနှင့် တရုတ် ဆက်ဆံရေးတင်းမာခဲ့ရသည်။
"ယူကရိန်းအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ၊ သမာသမတ်ရှိမှုဆိုတဲ့ အခြေခံမူတွေကို တစိုက် မတ်မတ် လက်ကိုင်ထားပြီး၊ ဘယ်သူ့ကိုမှ မျက်နှာသာမပေးသလို မြှောက်ထိုးပင့်ကော်လုပ်ပြီး ဒီလိုအခြေအနေ ကနေ တစ်ကိုယ်ကောင်းဆန်ဆန်အကျိုးအမြတ်ရှာဖွေတာမျိုး မလုပ်ပါဘူး" ဟု ဝမ်က တရားဝင်မှတ်ချက်ပြု ပြောကြားခဲ့သည်။ 
ရုရှားနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်သင်္ဘောများသည် အရှေ့တရုတ်ပင်လယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာဘီလီယံ ၂၀ဝ လျာထားချက်သို့ အလျင်အမြန် ရောက်ရှိတော့မည်ဖြစ်ပြီး အဓိက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly