တရုတ်က ဝီဂါဒေသသို့ တူရကီအဖွဲ့လာရောက်ခွင့်ကို ၅ နှစ်ကြာ ပိတ်ပင်ထား

By Daily Sabah
04 January 2023
တရုတ်က ဝီဂါဒေသသို့ တူရကီအဖွဲ့လာရောက်ခွင့်ကို ၅ နှစ်ကြာ ပိတ်ပင်ထား

ဝီဂါများအပေါ် တူရကီထောက်ခံမှုအား တရုတ်က မကျေနပ်မှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေ ကြောင်းနှင့် တူရကီသံအမတ်က အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဝီဂါဒေသသို့ သွားရောက်ခွင့် မရခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလု ချောင်ရှိုလိုက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားလိုက်သည်။ 

“တူရကီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဒီဒေသကို လာရောက် စစ်ဆေးနိုင် တယ်လို့ သူတို့က ပြောခဲ့ပါတယ်။ ဒါကို တရုတ်သမ္မတရှီကျင့်ဖျင်က အဆိုပြုခဲ့တာ ၅ နှစ်ရှိပါပြီ။ ဒါပေမယ့် ဒီကိုယ်စားလှယ်အဖွဲ့ မလာဖြစ်အောင် ဘာကြောင့် တားဆီးခဲ့တာလဲ၊ ဘာကြောင့် ပူးပေါင်း မဆောင်ရွက်တာလဲ။” ဟု မြို့တော် အန်ကာရာ၌ နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး မေးခွန်းထုတ်ခဲ့သည်။
"တူရကီနဲ့ တရုတ်ဆက်ဆံရေးက တူရကီနွယ်ဝင်ဝီဂါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သဘောထားကြောင့် တရုတ်အစိုးရက စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ တူရကီမှာ တစ်ချိန်လုံး နေထိုင်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို လွှဲပြောင်းပေးဖို့ သူတို့က တောင်းဆိုနေပါတယ်။ ဒီလို တောင်းဆိုမှုတွေကို မလိုက်လျောနိုင် ပါဘူး။ " ဟု ချောင်ရှိုလိုက ထပ်မံပြောကြားခဲ့သည်။ 
ချောင်ရှိုလိုက တူရကီမှ ဝီဂါများကို တရုတ်သို့ လွှဲပြောင်းပေးနေသည်ဟူသောအချက်ကို ငြင်းဆိုလိုက်ပြီး ယင်းစွပ်စွဲချက်များသည် အခြေအမြစ်မရှိသည့် လိမ်ညာမှုဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ 
"နိုင်ငံတကာ နယ်ပယ်မှာ တာကစ်နွယ်ဝင် ဝီဂါတွေရဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့က ကာကွယ်ပေးလို့  တရုတ်က စိတ်အနှောင့်အယှက်ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါက လူသားချင်းစာနာထာက်ထားမှုဆိုင်ရာ ကိစ္စပါ။  
“ဒီအစီရင်ခံစာမှာ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို ထုတ်ဖော်ထားပါတယ်။ အဲဒါကို တုံ့ပြန်ဖို့ လိုပါတယ်” ဟု စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရုတ်ရှိ တာကစ်နွယ်ဝင်ဝီဂါများဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ အစီရင်ခံစာကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။
တူရကီက တရုတ်နှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း အလေးပေးပြောကြားခဲ့ပြီး "တရုတ် အစိုးရက ခွင့်မပြုလို့ တူရကီသံအမတ်က ရှင်ကျန်းကို မရောက်ဖူးသေးပါဘူး" ဟု ချောင်ရှိုလိုက ပြောကြားခဲ့သည်။
တရုတ်အာဏာပိုင်များသည် ပေကျင်းရှိ တရုတ်ဆိုင်ရာ တူရကီသံအမတ်အား တူရကီနွယ်ဝင်ဝီဂါများနေထိုင်ရာ ဒေသသို့ လွတ်လပ်စွာ သွားရောက်ခွင့်မပြုဘဲ ၎င်းတို့၏ အစီအစဉ်အတိုင်းသာ သွားလာစေချင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly