ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခြင်းကြောင့် တရုတ်ဆေးရုံများတွင် နှစ်သစ်ကူးအားလပ်ရက်ကို ပယ်ဖျက် 

By ANI  
04 January 2023
ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခြင်းကြောင့် တရုတ်ဆေးရုံများတွင် နှစ်သစ်ကူးအားလပ်ရက်ကို ပယ်ဖျက် 

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ဆက်လက်မြင့်တက်မှုကြောင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြို့အများအပြားရှိ ဆေးရုံများ၌ နှစ်သစ်ကူးနေ့တွင် အချိန်ပိုဆင်းနေကြရကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

ဟူပေပြည်နယ်၊ ချင်ဟွမ်တောင်မြို့ရှိ တတိယမြူနီစီပယ်ဆေးရုံမှ ဝန်ထမ်းအားလုံးသည် ဆေးဝါးကုသမှုခံယူ နေရသော လူနာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးအတွက် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးအားလပ်ရက် များကို ပယ်ဖျက်လိုက်ရကြောင်း ဆေးရုံ၏ WeChat အကောင့်တွင် ဒီဇင်ဘာ ၃၀ရက်က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကား၍ Global Times က ဖော်ပြခဲ့သည်။ 
ရှန်းရှီး၊ ဟဲပေ၊ ဟူနန်၊ ကျန်းစု၊ ရှန်းရှီအပါအဝင် တရုတ်ပြည်နယ်များရှိ ဆေးရုံများတွင်လည်း အလားတူ ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
မကြာသေးမီရက်များအတွင်း ကူးစက်မှုနှင့် ရောဂါအရေးပေါ်ဖြစ်ပွားနေသူများ များပြားလာခြင်းကြောင့် ကျားထင်း၊ မင်းဟန်၊စုန်ကျန်းအပါအဝင် ရှန်ဟိုင်းရှိ ခရိုင်များသည် အရေးပေါ်မဟုတ်သော ကိုဗစ်လူနာများကို ထိပ်တန်းဆေးရုံများမှ ရွှေ့ပြောင်းရေးအတွက် အဆင့်လိုက်ကုသမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအမံများကို တိုးမြှင့် ဆောင်ရွက်ခဲ့ရသည်။
နှစ်သစ်ကူး အားလပ်ရက်များအတွင်း ကပ်ရောဂါ အများအပြားဖြစ်ပေါ်လာနိုင်သည်ကို ကိုင်တွယ်ဖြေရှင်းရေး အတွက် ကျဲ့ကျန်းပြည်နယ်တွင် အဖျားကုဆေးခန်းများ၏ ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး၊ ဝန်ဆောင်မှု လွယ်ကူအဆင်ပြေစေရေးနှင့် ဒေသခံလူနာများအား ကုသနိုင်စွမ်းတိုးတက်ရေး အပါအဝင် လုပ်ငန်း ၆ ရပ်ကို ဒေသဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများအား တာဝန်ပေးအပ်ခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။
ကပ်ရောဂါအထွတ်အထိပ်ဖြစ်ချိန်သည် တရုတ်နိုင်ငံဒေသအလိုက် ကွဲပြားသောကြောင့် ပိုမိုတိကျပြီး သိပ္ပံနည်းကျသော ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်မှုကို ဆောင်ရွက်ရလိမ့်မည်ဟု နိုင်ငံတော်ကျန်းမာရေးကော်မရှင် (NHC) လက်အောက်ရှိ ကိုဗစ်-၁၉ တုံ့ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ ခေါင်းဆောင်လျန်ဝမ်နင်က ဒီဇင်ဘာ ၂၇ရက်တွင် ပြုလုပ်သော ကူးစက်ရောဂါတုံ့ပြန်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားခဲ့သည်။ 
ကျေးလက်ဒေသများတွင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးစွမ်းရည်မြှင့်တင်ရေးကို ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်နေချိန်တွင် ဆိုးရွားသော ရောဂါဖြစ်ပွားမှုများကို ကုသရန်နှင့် နေ့စဉ်ဆေးဝါးလိုအပ်ချက်များပြည့်မီ စေရေးကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးသင့်ကြောင်း လျန်ဝမ်နန်က ပြောကြားခဲ့သည်။
တရုတ်ခရီးသွားများအပြင် ဟောင်ကောင်နှင့် မကာအိုမှ လာရောက်သူများသည် ကိုဗစ်-၁၉ စစ်ဆေးမှုခံယူရန် လိုအပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာနက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly