ကိုဗစ်ကူးစက်မှုများရှိနေချိန် ဝူဟန်၌ လူထောင်ပေါင်းများစွာ နှစ်သစ်ကူးပွဲတော် ကျင်းပ 

By Reuters
04 January 2023
ကိုဗစ်ကူးစက်မှုများရှိနေချိန် ဝူဟန်၌ လူထောင်ပေါင်းများစွာ နှစ်သစ်ကူးပွဲတော် ကျင်းပ 

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ အသွားအလာပိတ်ဆို့မှုများစွာလုပ်ဆောင်ခဲ့သလို ဒီဇင်ဘာလတွင်လည်း ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန်ဖြစ်ပွားမှုကို ကြုံခဲ့ရပြီးနောက် ပိုမိုကောင်းမွန်သော နှစ်အဖြစ် အများမျှော်လင့်ထားသည့် နှစ်သစ်ကို ကြိုဆိုရန် ဝူဟန်မြို့မှ လူထောင်ပေါင်းများစွာသည် ဒီဇင်ဘာ ၃၁ ရက်ညက စုဝေးခဲ့ကြသည်။ 

လွန်ခဲ့သော ၃ နှစ်က ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၏ အစဉ်အလာအရ လူပေါင်းများစွာသည် ည ၁၂ နာရီတိတိတွင် ကောင်းကင်ယံသို့ ပူဖောင်းများ လွှတ်တင်ခဲ့ကြသည်။
“ကိုဗစ်ကပ်ရောဂါက ပြီးခဲ့တဲ့နှစ်တုန်းက အလွန်ဆိုးရွားခဲ့ပါတယ်။ မိသားစုဝင်တချို့ကို ဆေးရုံတင်ခဲ့ရတယ်” ဟု   အသက် ၁၇ နှစ်အရွယ် ဝူဟန်အထက်တန်းကျောင်းသား ဝမ်က Reuters သို့ ပြောပြခဲ့သည်။
“နှစ်သစ်မှာ သူတို့တွေ ကျန်းကျန်းမာမာ ရှိကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါက အရေးကြီးဆုံးပါ” ဟု ၎င်းကပြောသည်။  
တရုတ်တွင် ကန့်သတ်ချက်များဖြေလျှော့ပြီးနောက် ကိုဗစ်ကူးစက်မှုများအရှိန်မြင့်လာကာ လူအများအပြားကို ကူးစက်ခဲ့ပြီး တစ်နေ့လျှင် သေဆုံးသူ ခန့်မှန်း ၉ ၀၀၀ ခန့်ရှိကြောင်း ဗြိတိန်အခြေစိုက် ကျန်းမာရေးအချက်အလက်ကုမ္ပဏီ Airfinity က သတိပေးနေစဉ်မှာ လူတချို့သည် ဆန်းပြားသောဝတ်စုံများဝတ်လာကြပြီး ပွဲတော်သို့လာသူ လူတိုင်းနီးပါးသည် နှာခေါင်းစည်းများ တပ်ဆင်ထားကြသည်။
ရဲများက အသံချဲ့စက်များကို နေရာအများအပြားတွင် အသုံးပြုကာ လူစုလူဝေးမလုပ်ကြရင် သတိပေးခဲ့ကြသော်လည်း လူများက ဂရုစိုက်ခြင်း မရှိခဲ့ကြဘဲ ဆက်လက်ပျော်ရွှင်ခဲ့ကြသည်။  
“နှစ်သစ်ကူးရက်ကို မျှော်လင့်နေပေမယ့် အရမ်းတော့ စိုးရိမ်တယ်” ဟု ဝူဟန်မြို့မှ မူကြိုကျောင်းဆရာမဖြစ်သူ အသက် ၃၇ နှစ်အရွယ် လီလီကျောင်းက ပြောကြားသည်။  
၂၀၂၂ ခုနှစ်အတွင်းက အသွားအလာ ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ခဲ့သည့် အခြားမြို့ကြီးများကဲ့သို့ပင် ရှန်ဟိုင်းတွင်လည်း မြစ်ကမ်းပါး လျှောက်လမ်း Bund တွင် လူအများအပြား လာရောက်ခဲ့ကြသည်။  
“နှစ်သစ်ကူး ဆင်နွှဲဖို့ ချန်ဒူးကနေ ရှန်ဟိုင်းကို လာခဲ့တာပါ။ ကိုဗစ် ကူးစက်ခံရဖူးပြီးပြီ။ ဒါကြောင့် အန္တရာယ်မရှိတော့ဘူးလို့ ယူဆပြီး လာပျော်ကြတာပါ” ဟု ဒစ်ဂျစ်တယ်မီဒီယာဌာနတွင် အလုပ်လုပ်သူ အသက် ၂၈ နှစ်အရွယ် ဒါဒိုင်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required